ပြင်သစ်၏ ထိပ်တန်းဦးစားပေးမူဝါဒက အစ္စလာမ္မစ်အစွန်းရာက် တိုက်ဖျက်ရေးဟု မက်ခရွန် ပြော

ပြင်သစ်၏ ထိပ်တန်းဦးစားပေးမူဝါဒက အစ္စလာမ္မစ်အစွန်းရာက် တိုက်ဖျက်ရေးဟု မက်ခရွန် ပြော

ပါရီ၊ သြဂုတ် ၃၀ ။               ။ ပြင်သစ်နိုင်ငံ၏ ထိပ်တန်းဦးစားပေးသည် အစ္စလာမ္မစ်အစွန်းရာက် တိုက်ဖျက်ရေးပင်ဖြစ်သည်ဟု သမ္မတ အမ်မန်နျူရယ် မက်ခရွန်က အထူးနိုင်ငံခြားရေးမူဝါဒ မိန့်ခွန်းတွင် သြဂုတ် ၂၉ ရက်က ထည့်သွင်းပြောကြားသည်။

“အစ္စလာမ္မစ်အစွန်းရာက် တိုက်ဖျက်ရေးဟာ ကျွန်တော်တို့ရဲ့ ပထမဦးစားပေးဖြစ်ပြီး ဒါက ကျွန်တော်တို့ နိုင်ငံသားတွေကို လုံခြုံရေး ကာကွယ်မှု ပေးပါမယ်။”ဟု ပါရီတွင် ပြင်သစ်သံအမတ်ကြီး ၂၀၀ ခန့် တက်ရောက်သည့် တွေ့ဆုံပွဲမှာ မက်ခရွန်က ပြောသည်။

၂၀၁၅ အစောပိုင်းက စပြီး ပြင်သစ်နိုင်ငံသည် အကြမ်းဖက်တိုက်ခိုက်မှုများ ခံစားကြုံတွေ့ရပြီး လူပေါင်း ၂၃၀ ကျော်ထက်မနည်း သေဆုံးခဲ့ရသည်။

အသက် ၃၉ နှစ်အရွယ် ပြင်သစ်ခေါင်းဆောင် မက်ခရွန်သည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြင်းပြင်းထန်ထန် ဆန့်ကျင်လျက်ရှိသည့် အီရန်နှင့် ၂၀၁၅ နျူကလီးယားသေဘောတူညီမှုကို   ပြောင်းလဲပစ်ဖို့ စိတ်ကူးမရှိကြောင်းလည်း အတိအလင်းဆိုသည်။

“အီရန်နဲ့ နျူကလီးယား သဘောတူညီမှုကို ပြောင်းလဲမှာ မဟုတ်ပါ။ ဒီသဘောတူညီမှုကပဲ အီရန်နဲ့ ဆက်ဆံရေး တည်ဆောက်ရေးကို ဖော်ဆောင်နိုင်မှာပါ။”ဟု ၎င်းက ပြောသည်။

ပြင်သစ်၏ အသက်အငယ်ဆုံး ခေါင်းဆောင် မက်ခရွန်သည် ယခင် သမ္မတ ဖရန့်ဆွာအော်လန် လက်ထက် ပြင်သစ်နိုင်ငံ၏ နိုင်ငံတကာပုံရိပ်ကျဆင်းနေခြင်းကို မြှင့်တင်နိုင်ရေး ကြိုးစားလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags