မြောက်ကိုရီးယားတို့၏ ဒုံးကျည်ပစ်လွှတ်မှုကို ကုလလုံခြံုရေးကောင်စီ ပြစ်တင်ဝေဖန်

မြောက်ကိုရီးယားတို့၏ ဒုံးကျည်ပစ်လွှတ်မှုကို ကုလလုံခြံုရေးကောင်စီ ပြစ်တင်ဝေဖန်

သြဂုတ် ၃၀ ။                     ။ ဂျပန်နိုင်ငံပိုင်နက်ပေါ်မှဖြတ်၍ ပစ်လွှတ်ခဲ့သော မြောက်ကိုရီးယားတို့၏ ဒုံးကျည်စမ်းသပ်မှုနှင့်ပက်သက်၍ နယူးယောက်မြို့၌ အင်္ဂါနေ့အနှောင်းပိုင်းက အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့စဉ်တွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ထိုလုပ်ရပ်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး ပြုံယမ်းအစိုးရအနေဖြင့် ၎င်းတို့၏လုပ်ရပ်ကို ချက်ချင်းရပ်တန့် ရမည်ဟု ရာဇသံပေးခဲ့သည်။

မြောက်ကိုရီးယားတို့၏ ပဲ့ထိန်းတပ်ဒုံးကျည်ပစ်လွှတ်မှုကို ပြင်းပြင်းထန်ရှုတ်ချကြောင်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီကပြောခဲ့ပြီး လွန်ခဲ့သော သြဂုတ်လ ၂၅ရက်နေ့နှင့် ပြီးခဲ့သောအင်္ဂါနေ့မနက်ပိုင်းက လုပ်ဆောင်ခဲ့သော ဒုံးကျည်စမ်းသပ်မှုများသည် တရားလွန်သော ခြိမ်းခြောက်မှုလုပ်ရပ်ဖြစ်သည်ဟု ဝေဖန်ပြောဆိုခဲ့သည်။

ဒါ့အပြင် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများကိုလျှော့ချရန်အတွက် လက်ဆုပ်လက်ကိုင်ပြနိုင်သော အရေးယူ မှုများကို ချက်ချင်းလုပ်ဆောင်ဖို့ အရေးတကြီးလိုအပ်ကြောင်း အဆိုပါကောင်စီက အလေးပေးပြောကြားခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားသော ပြစ်ဒဏ်များကို တင်းတင်းကြပ်ကြပ်နှင့် အကောင်အထည်ဖော် သွားဖို့ နိုင်ငံအားလုံးကို တောင်းဆိုခဲ့သည်။

မြောက်ကိုရီးယား၏လုပ်ရပ်သည် ဒေသတွင်းနိုင်ငံများကို ခြိမ်းခြောက်ယုံသာမက ကုလအဖွဲ့ဝင်နိုင်ငံများ အားလုံးကိုပါ   ခြိမ်းခြောက်လိုက်ခြင်းဖြစ်ကြောင်း ကောင်စီက   ထောက်ပြပြောဆိုခဲ့သလို   ပြုံယမ်းအစိုးရသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် အေးချမ်းတည်ငြိမ်မှုကို ရည်ရွယ်ချက်ရှိရှိ ထိပါးလိုက်ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ဒါ့အပြင်ကုလလုံခြုံရေးကောင်စီက ၎င်းတို့အနေဖြင့် ငြိမ်းချမ်းသော သံတမန်နည်းအရ၊ နိုင်ငံရေးအရသာ ဖြေရှင်းသွားဖို့ လိုလားကြောင်းနှင့်   မြောက်ကိုရီးယားအနေဖြင့်   နျူးကလီးယား လက်နက်နှင့်အစီအစဉ်များကို ဖျက်သိမ်းပစ်ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားတို့သည် ပြီးခဲ့သောအင်္ဂါနေ့မနက်ပိုင်းက ဂျပန်နိုင်ငံမြောက်ပိုင်းမှ ဖြတ်၍ပျံသန်းသွားသော ပဲ့ထိန်းတပ်ဒုံးကျည်တစ်ခုကို ပစ်လွှတ်စမ်းသပ်ခဲ့သောကြောင့် ထိတ်လန့်မှုများ   မြင့်တက်လာသည့်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ယခုလိုအရေးပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဒုံးကျည်ပစ်လွှတ်မှုကို မြောက်ကိုရီးယားသတင်းဌာန KCNA က ဗုဒ္ဓဟူးနေ့တွင် အတည်ပြုခဲ့ပြီး တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်သည့်အနေဖြင့် ကင်ဂျုံအမ်းကိုယ်တိုင် ကြီးကြပ်ကာ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတင်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly