မီးဘေးကာကွယ်ရေး မန္တလေး စက်သုံးဆီဆိုင်များကို စစ်ဆေး

မီးဘေးကာကွယ်ရေး မန္တလေး စက်သုံးဆီဆိုင်များကို စစ်ဆေး

မီးဘေးကြိုတင်ကာကွယ်ရေးအနေဖြင့် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်း ရောင်းချနေသည့် စက်သုံးဆီဆိုင်များကို သြဂုတ်လ ၂၉ရက်၊နံနက် ၉ နာရီ၊ ၃၀မိနစ်က စတင်၍ မီးသတ်ဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က ပူးပေါင်း၍ စစ်ဆေးလျှက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်က မဇ္ဈိမကိုပြောသည်။

ထိုသို့စစ်ဆေးခြင်းကို သြဂုတ်လ ၂၅ ရက်ကစတင်၍ ပြည်ကြီးတံခွန်မြို့နယ်တွင် စတင်ခဲ့ပြီးယနေ့တွင် ချမ်းအေးသာစံမြို့နယ်ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ သြဂုတ်လ ၃၀ ရက်တွင် မဟာအောင်မြေမြို့နယ်တို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဦးသန်းဇော်ကဆိုသည်။

"အခုစစ်ဆေးတာပေါ့ လိုက်နာကြပါတယ်။ မီးလောင်မှုမဖြစ်ပွားအောင် ဘယ်လိုကာကွယ်ရမယ်။ ဘယ်လိုကြိုတင်ပြင်ဆင်ထားရမယ်။ဒါတွေကိုအသိပေးတယ်။ မလိုက်နာတဲ့ဆိုင်တွေကိုတော့ တိုင်းအစိုးရအဖွဲ့ကို တင်ပြပြီးအရေးယူမှုတွေလုပ်သွားပါမယ်။ ပြီးတော့ ဆီဆိုင်ဝန်ထမ်းလေးတွေကို အခြေခံမီးသတ်သင်တန်းပေးတာတွေလည်း လုပ်ထားပါတယ်"ဟု ဦးသန်းဇော်က ပြောသည်။

စစ်ဆေးရာတွင်ပါဝင်သည့် ချမ်းအေးသာစံမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းတိုးဝင်းက"သတ်မှတ်စည်းကမ်းချက်တွေ မလိုက်နာတာတွေ့ရင် အရေးယူသွားမယ်"ဟုပြောသည်။

ချမ်းအေးသာစံမြို့နယ်၊ ၈၅လမ်းနှင့် ၃၃လမ်းထောင့်ရှိ ဧရာရွှေဝါ စက်သုံးဆီ အရောင်းဆိုင် အထွေထွေမန်နေဂျာ ဦးဝေသင်ထူးက"သတ်မှတ်စည်းကမ်းချက်တွေလိုက်နာသလို ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်ထားပါတယ်။ ကလေးတွေကိုလည်း မီးသတ်သင်တန်းပေးထားတာရှိသလို ဆီထည့်ရင် လိုက်နာရမယ့်အချက်တွေ၊ သတိထားရမယ့်အချက်တွေကို အမြဲတမ်းသတိပေးတယ်။ ကျွန်တော်တို့ကလည်း အမြဲတမ်းစောင့်ကြည့်ပေးနေပါတယ်"ဟုပြောသည်။

စက်သုံးဆီအရောင်းဆိုင်များကို မကြာခဏရှောင်တခင်စစ်ဆေးမှုများလုပ်ဆောင်သွားမည်ဖြစ်ပြီး မလိုက်နာသောဆိုင်များအား အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly