မြန်မာ့ဒီမိုုကရေစီအငြိမ့်ပြိုင်ပွဲ မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်

မြန်မာ့ဒီမိုုကရေစီအငြိမ့်ပြိုင်ပွဲ မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်

မန္တလေး၊သြဂုတ် ၂၉ ။           ။ မြန်မာ့ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၆၆)လမ်းပေါ်ရှိ အမျိုးသားပြဇာတ်ရုံတွင် (၂၀၁၇)ခုနှစ် သြဂုတ်(၂၈)ရက် မှ (၃၀)ရက်နေ့ထိ ညနေ(၆)နာရီမှစတင်၍ ယှဉ်ပြိုင်မည်ဖြစ်ရာ မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဒီမိုကရေစီအငြိမ့်ပွဲတော် ပမာဏအဆင့်ပြိုင်ပွဲကို သြဂုတ်(၂၈)ရက် ညနေ (၇)နာရီက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် (၆၆)လမ်း၊ လမ်း(၂၀) နှင့် (၂၁)လမ်းကြားရှိ အမျိုးသားပြဇာတ်ရုံ၌   ပြုလုပ်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဝန်ကြီးများ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

'' ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးမှာ လူသားတွေ ထားသင့်ထားအပ်တဲ့ စိတ်တွေ ပေါ်လွင်အောင် စာအုပ်တွေ လျှောက်ဖတ်နေရင် ပြီးမှာမဟုတ်တော့ဘူး၊ အနုပညာနဲ့ ပြောလိုက်ရင် ပရိသတ်က နားလည်လွယ်မယ်၊ အငြိမ့်က အခြေခံလူတန်းစားကို တိုက်ရိုက်ထိတာ အငြိမ့်ဖြစ်ပါတယ်၊ ဒီမိုကရေစီနဲ့ပတ်သက်ပြီး ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတဲ့ စိတ်ကလေးတစ်ခု ပြည်သူတွေဆီ   ရောက်သွားရင် ကျေနပ်ပါပြီ၊ မန္တလေးမြို့မှ ပြိုင်မည့် အဖွဲ့(၁၃)ဖွဲ့ ယှဉ်ပြိုင်သွားမှာပါ '' ဟု မြန်မာ့ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲ တာဝန်ခံ စီစဉ်သူ ဦးသူရ (ခ) ဇာကနာက ပြောသည်။

မန္တလေးမြို့တွင် ပြုလုပ်သော အဆိုပါ အငြိမ့်ပြိုင်ပွဲတွင် ငြိမ်းချမ်းရေးသဝဏ်လွှာ၊ လွတ်လပ်အိမ်၊ မော်ဒယ်ဟား၊ Game Star၊ တတ်သစ်စ၊ မန်းမြို့တံခွန်၊ မန္တလေးငြိမ်းချမ်းရေး၊ အောင်လေးအောင်၊ ပါတီချစ်၊ မနောဖြူ၊ ရဲရဲတောက်၊ စကားဝါမြေ၊ မန်းစတား(Man Star)စသည့် အငြိမ့်အဖွဲ့ (၁၃)ဖွဲ့က ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲတွင် ပထမဆု ၊ဒုတိယဆု၊တတိယဆု၊ အထူးဆု သုံးဆု၊ အကောင်းဆုံး လူရွှင်တော်အဖွဲ့၊ အကောင်းဆုံး မင်းသမီးဆု၊ အကောင်းဆုံးဆိုင်းအဖွဲ့ နှင့် ပရိသတ် အကြိုက်ဆုံး အငြိမ့်အဖွဲ့ ဆု စသည့်ဖြင့် ဆု(၁၀)ဆုချီးမြှင့်ရန် လျာထားသည်။

အဆိုပါ အငြိမ့်ပြိုင်ပွဲကို ရန်ကုန် နှင့် မန္တလေးမြို့တို့တွင် သြဂုတ် (၂၈)ရက် မှ (၃၀)ရက်တို့တွင် တပြိုင်နက်ထဲ ပဏာမလူရွေးချယ်သွားမည်ဖြစ်သည်။ အထက်မြန်မာပြည်အတွက် (၃)သင်းနှင့် အောက်မြန်မာပြည်အတွက် (၃)သင်း စုစုပေါင်း (၆)သင်းရွေးချယ် သွားမည်ဖြစ်ပြီး စက်တင်ဘာ(၂၀)ရက် နှင့် (၂၁)ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည့် ဗိုလ်လုပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly