တရုတ်မြေပြိုမှု ပျောက်ဆုံးနေသူ ၃၂ ဦးအထိ ရှိလာ

တရုတ်မြေပြိုမှု ပျောက်ဆုံးနေသူ ၃၂ ဦးအထိ ရှိလာ

ပေကျင်း၊ သြဂုတ် ၂၉ ။                     ။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကျေးလက်ဒေသတွင် ဖြစ်ပွားသော အိမ်ခြေဒါဇင်များစွာကို ဝါးမြိုခဲ့သည့် မြေပြိုမှုတွင် ပျောက်ဆုံးသူဦးရေမြင့်တက်လာပြီး ၃၂ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

သြဂုတ် ၂၈ ရက်က Guizhou ပြည်နယ် Bijie မြို့တွင် ဖြစ်ပွားသော ယင်းမြေပြိုမှုအတွင်း သေဆုံးသူ သုံးဦးကို တွေ့ရှိထားပြီး ထိခိုက်ဒဏ်ရာရသူ ခုနစ်ဦးရှိကြောင်း ဒေသအစိုးရ၏ တရားဝင်သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

ရှာဖွေရေးများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကာ ဘေးကြုံနေသော ဒေသခံများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးနေသည်။

မြို့စွန် ဆင်ခြေဖုံးရပ်တွင် တောင်ကမ်းပါးယံ ပြိုကျလာပြီး လူများက ကြောက်လန့်တကြား အော်ဟစ်ကြပုံကို နိုင်ငံပိုင် People’s Daily Monday သတင်းဌာနက တွစ်တာတွင် ဗီဒီယိုပို့စ်တင်သည်။

အရေးပေါ်သတိပေးချက် အဆင့်တွင် အနိမ့်ဆုံးအဆင့်ဖြစ်သည့် အဆင့် လေး အရေးပေါ်တုံ့ပြန်မှုကို Bijie မြို့အတွက် အာဏာပိုင်များက ထုတ်ပြန်ထားသည်။  

တရုတ်နိုင်ငံက ကျေးလက်ဒေသများနှင့် တောင်တန်းဒေသများတွင် မြေပြိုမှုများ ဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် မိုးသည်းထန်ပြီးနောက် ပိုမိုဖြစ်ပွားသည်။

ဇူလိုင်နှင့် သြဂုတ်လအတွင်း စီချွမ်ပြည်နယ်တွင် ဖြစ်ပွားသော ကြီးမားသည့် မြေပြိုမှုများတွင် လူ ၃၀ ကျော်ထက်မနည်း သေဆုံးပြီး ၂၀ ကျော်မှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly