အကြမ်းဖက်မှုကြောင့် တိမ်းရှောင်လာသူများအတွက် စိတ်ချရသော လုံခြံုမှုပေးထားကြောင်း ပြည်နယ်ဝန်ကြီးချုပ်ပြော

အကြမ်းဖက်မှုကြောင့် တိမ်းရှောင်လာသူများအတွက် စိတ်ချရသော လုံခြံုမှုပေးထားကြောင်း ပြည်နယ်ဝန်ကြီးချုပ်ပြော
ဓါတ်ပုံ - နောင်နောင်/RiA

မောင်တော၊ သြဂုတ်လ ၂၈ ရက် ။             ။ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင် နှင့် မောင်တောဒေသများတွင် အကြမ်းဖက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသော တိုင်းရင်းသားများ၏ အသက်အန္တရာယ်နှင့် စားဝတ်နေရေး အခြေအနေများကို လုံခြုံစိတ်ချရအောင် စီစဉ်ပေးထားကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက  ပြောသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ မောင်တောဒေအခြေအနေကို သွားရောက်ကြည့်ရှုခဲ့ပြီး ခရီးစဉ်အပြန် သြဂုတ်လ ၂၇ ရက် ညနေပိုင်းတွင် ပြည်နယ်အစိုးရ ဧည့်ဂေဟာ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အကြမ်းဖက်မှုတွေကြောင့် တိမ်းရှောင်လာတဲ့ သူတွေကို ကျွန်တော်တို့က လုံခြုံစိတ်ချရအောင် နေလို့ရအောင် လုပ်ပေးထားတယ်။ လိုအပ်တဲ့ အစားအသောက်တွေကို   ထောက်ပံ့ပေးထားတယ်။ ဖြည့်ဆည်းပေးထားတယ်။ ဒီကြားထဲမှာ ကျွန်တော်တို့ ပြည့်စုံအောင် လုပ်ပေးထားတယ်။ ပိတ်မိနေတဲ့သူတွေကို အခြေနေအရ ဆွဲထုတ်ပေးဖို့လိုတယ် မလိုဘူးဆိုတာက နောက်ဖြစ်လာမယ့် အရာတွေပါ။ အခုလက်ရှိမှာတော့ သူတို့ကို လုံခြုံစိတ်ချရတဲ့ အနေထားအထိ စီစဉ်ပေးထားပါတယ်။”ဟု ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

သြဂုတ်လ ၂၅ ရက် နံနက်ပိုင်းက မောင်တောမြို့နယ်တွင် နယ်ခြားစောင့်လုံခြုံရေး ရဲကင်းစခန်းများ တပြိုင်နက်တည်း အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများ၏ စီးနင်းမှုကို ခံလိုက်ရပြီး နှစ်ဖက်ကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာမှာ ၎င်းဒေသများတွင် နေထိုင်သော အစိုးရဝန်ထမ်းနှင့် ပြည်သူများသည် အသက်အန္တရာယ် လုံခြုံရေးအတွက် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြခြင်း ဖြစ်သည်။

မောင်တောမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသော လူပေါင်း ၂၀၀၀ ကျော်ခန့်သည် နီးစပ်ရာမောင်တောတောင်ပိုင်း ရဲတပ်ရင်း အမှတ် (၄)တွင် ခိုလုံနေကြရပြီး ဘူးသီးတောင်မြို့နယ်များမှ ထွက်ပြေးတိမ်းရှောင်လာခဲ့သည့် ဒုက္ခသည်ပေါင်း (၂၀၀၀) ကျော်ခန့်ကိုလည်း ခလရ ၅၅၂၊ ရွှေကျင်ဘုန်းတော်ကြီးကျောင်းတိုက်၊ စပါးထားကျေးရွာ၊ ပြင်ခေါင်းကျေးရွာတို့တွင် ယာယီစခန်းများ ဖွင့်လှစ်ထားရှိကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly