ဗင်နီဇွဲလားက ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်အံတုသည့် အနေဖြင့် စစ်အင်အားပြသ

ဗင်နီဇွဲလားက ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်အံတုသည့် အနေဖြင့် စစ်အင်အားပြသ

ကာရာကတ်စ်၊ (ဗင်နီဇွဲလား) သြဂုတ် ၂၇ ။           ။ ပဋိပက္ခများဖြစ်ပွားနေသည့် ဗင်နီဇွဲလားနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး စစ်ရေးအရလည်း အရေးယူ သွားမည်ဟု   ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုအပေါ် ဆန့်ကျင်တုံ့ပြန်သည့်အနေဖြင့် သမ္မတမာဒူယို၏အမိန့် အတိုင်း ဗင်နီဇွဲလားစစ်တပ်သည် စနေနေ့က စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပြီး တင့်ကားများနှင့် ဒုံးကျည်များကို ပြသခဲ့သည်။

စစ်လေယာဉ်များ၊ တင့်ကားများနှင့် တပ်သားအင်အား ၂ သိန်းခန့်ရှိသော ဗင်နီဇွဲလားစစ်တပ်သည် အင်အား   ၇ သိန်းခန့်ရှိသော အရန်တပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့်အတူ သမ္မတနစ်ကိုးလပ်စ်မာဒူယို အမိန့်ပေးထား သည့်အတိုင်း နှစ်ရက်ခန့် စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည်။ ဒါ့အပြင် ရဲတပ်ဖွဲ့နှင့် စစ်သားများသည် ကာရာကတ်စ်မြို့လယ်ခေါင်တစ်လျှောက် လေကြောင်းကာကွယ်ရေးဒုံးပျံကြီးနှင့်အတူ စစ်ရေးပြသမှုပြုလုပ်ခဲ့ သည်။

“ပြည်သူတွေနဲ့ ဗင်နီဇွဲလားစစ်တပ်တို့ဟာ ကျုပ်တို့ရဲ့ပိုင်နက်နဲ့ အချုပ်အခြာအာဏာကို အတူတူကွ ကာကွယ် နေပါတယ်” ဟု မာဒူယိုက တွစ်တာ၌ ရေးသားခဲ့သည်။

လွန်ခဲ့သော သြဂုတ်လ ၁၁ရက်နေ့က ဒေါ်နယ်ထရမ့်သည် ဗင်နီဇွဲလားနိုင်ငံအပေါ် အရေးပိတ်ဆို့မှုများပြုလုပ် မှာဖြစ်ပြီး လိုအပ်လာပါက စစ်ရေးအရပါ အရေးယူဖို့ရှိကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။ ထို့နောက်တွင် အမေရိကန်ထိပ်တန်းအရာရှိများက အနာဂတ်တွင် စစ်ရေးအရ အရေးယူသွားဖို့ အစီအစဉ်မရှိကြောင်း ပြေရာ ပြေကြောင်းအနေဖြင့် ပြန်လည်ပြောကြားခဲ့သည်။

သို့သော်လည်း ပြီးခဲ့သော သောကြာနေ့က ဗင်နီဇွဲလားနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့ရန် အိမ်ဖြူတော် မှ သဘောတူလက်ခံခဲ့သောကြောင့် တင်းမာမှုများ ပြန်လည်မြင့်တက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly