အကြမ်းဖက်ဝါဒအား ဆန့်ကျင်သည့်အနေဖြင့် ဘာစီလိုနာ၌ လူထုချီတက်မှုများပြုလုပ်

အကြမ်းဖက်ဝါဒအား ဆန့်ကျင်သည့်အနေဖြင့် ဘာစီလိုနာ၌ လူထုချီတက်မှုများပြုလုပ်

ဘာစီလိုနာ၊ သြဂုတ် ၂၇ ။               ။ အကြမ်းဖက်ဝါဒကို ညီညီညွတ်ညွတ်နှင့် တုံ့ပြန်ဆန့်ကျင်သည့်အနေဖြင့် စနေနေ့တွင် သောင်းနှင့်ချီသော စပိန်နိုင်ငံသားများသည် ဘာစီလိုနာမြို့တစ်လျှောက် ချီတက်ပွဲကြီးပြုလုပ်ခဲ့ကြပြီး ထိုပွဲသို့ စပိန်ဘုရင် ဖိလစ်ပီ ၆ လည်း လာရောက်ပူးပေါင်းခဲ့သည်။

ပြီးခဲ့သောအပတ်က ဘာစီလိုနာ၌ဖြစ်ပွားခဲ့သော လူပေါင်းများစွာသေဆုံးခဲ့ရသည့် အကြမ်းဖက်တိုက်ခိုက်ခံရမှု အား အောက်မေ့သတိရကာ အကြမ်းဖက်ဝါဒအား ဆန့်ကျင်အံတုသည့်အနေဖြင့် သန်းတစ်ဝက်ခန့်ရှိသော လူအုပ်ကြီးသည် ယခုလိုချီတက်ပွဲကြီး ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း မြူနီစပယ်ရဲတပ်ဖွဲ့က တွစ်တာမှတဆင့် ပြောကြားခဲ့သည်။

“ငါတို့လုံးဝမကြောက်ရွံ့ဘူး” ဟု ရေးသားထားသော ခေါင်းစည်းစာတန်းကို ကိုင်ဆောင်လျက် ချီတက်ခဲ့ကြ သော လူအုပ်ကြီးထဲတွင် ယူနီဖောင်းဝတ် ရဲအရာရှိများ၊ အဖြူရောင်ကုတ် ဝတ်ဆင်ထားသော ဆရာဝန်များ၊ ခေါင်းဆောင်းဦးထုပ် ဆောင်းထားသော မီးသတ်သမားများ၊ မြို့တွင်းနေထိုင်သူများ၊ ဈေးဆိုင်ပိုင်ရှင်များနှင့် ပြည်သူများကို အခမဲ့ပို့ဆောင်ပေးခဲ့သည့် အငှားယာဉ်မောင်းများ ပါဝင်ခဲ့ကြသည်။

“ကျနော်တို့အားလုံးအတွက် ခက်ခဲကြမ်းတမ်းတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်” ဟု ထိုပွဲ၌ပါဝင်ခဲ့သည့် လူထုအရေးပေါ် ကူညီစောင့်ရှောက်ရေး အကြီးအကဲဖြစ်သူ မွန်စီရိုဗီရာက ပြောခဲ့သည်။

ချီတက်ပွဲ၌ပါဝင်ခဲ့ကြသော လူအုပ်ကြီးသည် ဘာစီလိုနာမြို့၏ အထိမ်းအမှတ်အရောင်ဖြစ်သော အနီရောင်၊ အဝါရောင်နှင့် အဖြူရောင်ပါသော ပန်းများကိုကိုင်ဆောင်ကာ အနီ၊အဝါ၊အပြာအရောင်များနှင့် ကြယ်ဖြူလေး တစ်လုံးပါဝင်သော ကတ်တလန်အလံများကို ဝေ့ယမ်းခဲ့ကြပြီး မြို့လယ်လမ်းမကြီးအတိုင်း ချီတက် လမ်းလျှောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly