ရန်ကုန်တိုင်းအတွင်းရှိ အရည်အသွေးမပြည့်မီသော သောက်ရေသန့်စက်ရုံ ၁၃ခု ကို ပိတ်ထား

ရန်ကုန်တိုင်းအတွင်းရှိ အရည်အသွေးမပြည့်မီသော သောက်ရေသန့်စက်ရုံ ၁၃ခု ကို ပိတ်ထား

သြဂုတ် ၂၆ ။                ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ထုတ်လုပ်မှုအရည်းအသွေးနှိမ့်ကျနေတဲ့ သောက်ရေသန့်စက်ရုံ ၁၃ ခု ကို ပိတ်ထားတယ်လို့ FDA က ဒီကနေ့ သြဂုတ်လ ၂၆ရက်မှာ အတည်ပြုပါတယ်။

လှည်းကူး၊လှိုင်နဲ့မင်္ဂလာဒုံမြို့နယ်တွေမှာရှိတဲ့ ရေသန့်စက်ရုံတွေကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူတွေက ဒီရက်ပိုင်းအတွင်း စစ်ဆေး ဆောင်ရွက်နေတာဖြစ်ပါတယ်။

"ရေသန့်လုပ်ငန်းတွေ ကြီးကြပ်ကွပ်ကဲတာနဲ့ ပတ်သတ်ပြီး မူဝါဒတွေ ချမှတ်ထားပါတယ်။ ခွင့်ပြုချက်မရှိတဲ့ သောက်ရေသန့်လုပ်ငန်းတွေ၊ ထောက်ခံချက်မရှိထားတဲ့ သောက်ရေသန့် လုပ်ငန်းတွေဆိုရင် ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ရပါမယ်။ ပြီးတော့ ခံဝန်ကတိ တစ်ခါတည်း ရေးခဲ့ရပါမယ်၊ ထုတ်လုပ်မှုမရှိပါဘူးဆိုတာကို။ နောက် သူ စျေးကွက်ထဲမှာ ဖြန့်ထားတဲ့ ရေသန့်တွေကို (ပြန်သိမ်း)ရမယ်။ နောက် ဆရာမတို့ဌာနမှာ  အစားအသောက်ထောက်ခံချက် ပြန်လျှောက်ရမယ်" လို့ ဒေါက်တာဥမ္မာစိုးဝင်း (ဒုညွှန်ကြားရေးမှူး၊အစားအသောက်)က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ် ၄၄ ခုမှာ ထုတ်လုပ်ဖြန့်ချိရောင်းချနေတဲ့ သောက်ရေသန့်လုပ်ငန်းအားလုံးကို စီစစ်အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ FDA က ပြောပါတယ်။

 "လှည်းကူးမြို့နယ်ရှိမယ်၊ လှိုင်မြို့နယ် ၊ မင်္ဂလာဒုံမြို့နယ်တွေမှာ တိုင်စာတွေရှိတဲ့အတွက်ကြောင့် တိုင်စာအရ သွားပြီးစစ်တဲ့အခါမှာ ဆရာမတို့ ဒီ ထောက်ခံချက်ရှိတဲ့လုပ်ငန်းတွေရော စီစစ်ဆဲလုပ်ငန်းတွေကော ခွင့်ပြုချက်မဲ့လုပ်ငန်းတွေကော တစ်ခါတည်းစုံအောင်မြို့နယ်လုံး အကုန်လုံးကုန်အောင် စစ်ဆေးပြီးသွားပါပြီ"  ဒေါက်တာဥမ္မာစိုးဝင်းက ပြောပါတယ်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တုန်းကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အရည်အသွေးမပြည့်မီတဲ့ သောက်ရေသန့် စက်ရုံများကို ပိတ်သိမ်းခဲ့ပြီး ထုတ်လုပ်ခွင့်လိုင်စင်မရှိဘဲ ထုတ်လုပ်နေတဲ့ စက်ရုံ (၆) ရုံကို  FDA က  စားသုံးသူကာကွယ်ရေးဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေသန့်လုပ်ငန်းစက်ရုံ ၃၀၀ ရှိပြီးအားလုံးကို FDA က စီစစ်နေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly