ခရီးသည်အမျိုးသမီးတစ်ဦးအား YBS ပေါ်တွင် အုပ်စုဖွဲ့ ခါးပှိုက်နှိုက်မှု ဖြစ်ပွား

ခရီးသည်အမျိုးသမီးတစ်ဦးအား YBS ပေါ်တွင် အုပ်စုဖွဲ့ ခါးပှိုက်နှိုက်မှု ဖြစ်ပွား
ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ သြဂုတ်လ ၂၆ ။                  ။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်စျေးမှတ်တိုင်ဘက်မှ ၁ ဂိတ်မှတ်တိုင်ဘက်သို့ မောင်းနှင်လာသော YBS ယာဉ်လိုင်း ၄ဝ ပေါ် ခရီးသည်အမျိုးသမီးတစ်ဦးထံက အမျိုးသားလေးဦး အုပ်စုဖွဲ့ ခါးပိုက်နှိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ယနေ့ သြဂုတ်လ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့် အင်းစိန်မြို့နယ်၊ ဖော့ကန်စျေးမှတ်တိုင်ဘက်မှ ၁ ဂိတ်မှတ် တိုင်ဘက်သို့ မောင်းနှင်လာသော YBS ယာဉ်လိုင်း ၄ဝ ပေါ်တွင် အမျိုးသမီးတစ်ဦး၏ ဘေးလွယ်အိတ်အတွင်းမှ အောင်ကျော်ဆိုသူက ငွေကျပ် ၄ သောင်းကျော်အား နှိုက်ယူနေစဉ် ကျန်အမျိုးသားသုံးဦးက အိတ်များဖြင့် အကာအကွယ်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အုပ်စုဖွဲ့ခါးပိုက်နှိုက်မှုကျူးလွန်ခဲ့သည့်  အောင်ကျော် ဆိုသူအပါအဝင် ၄ ဦးမှာ လှိုင်သာ ယာမြို့နယ် နေသူများဖြစ်ပြီး ခါးပိုက်နှိုက်ပြီး ဘတ်စ်ကားပေါ်မှ ဆင်းလာစဉ်  ရဲတပ်ဖွဲ့ဝင်များက မသင်္ကာ၍ ထိန်းသိမ်းစစ်ဆေးရာမှ ထိုသို့ ခါးပိုက်နှိုက်မှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ခိုးမှု၊ လုယက်မှု၊ ခါးပိုက် နှိုက် မှု ကျူးလွန်သူများကို ဖမ်းဆီးရမိရေး အတွက် စွန်ရဲစီမံချက်အဆင့် ၃ ဖြင့် ရဲတပ်ဖွဲ့က ဆောင်ရွက်နေခြင်း ဖြစ်သည်။

လက်ရှိတွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်မှုကျူးလွန်ခဲ့သည့် အောင်ကျော်၊ မြင့်ဦး၊  အောင်သူမိုးနှင့် အရှည်ကြီး(ခ)မောင်ငယ်ဆိုသူတို့ ၄ ဦးကို အင်းစိန်မြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့် မောင်ခိုင်လမ်းထိပ်ကားမှတ်တိုင်အနီး YBS ၅၇ ပေါ်မှ ဆင်းလာသည့်  ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ မရမ်းကုန်းမြို့နယ်နေ မဇင်မာဝင်းဆိုသူအား နံ့သာရောင် ပိုက်ဆံအိတ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထိုပြင့် YBS ယာဉ်လိုင်းများ စတင်ပြေးဆွဲပြီး တစ်လကျော်အတွင်း တန်ဖိုးကြီးဖုန်းများအပါအဝင်  ဖုန်း ၁၇ လုံး အား ခါးပိုက်နှိုက်ယူခဲ့သူ အင်းစိန်မြို့နယ်နေ ရှိုင်းထက် အောင်(ခ) နှစ်တောင် ဆိုသူ အား ဖမ်းဆီးရမိခဲ့ပြီး ၄င်းကို ရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ရာ စုစုပေါင်း လက်ကိုင်ဖုန်း ၃၂ လုံးနှိုက်ယူခဲ့ကြောင်း သိရ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly