တာတို ပဲ့ထိန်းဒုံးကျည် အများအပြား မြောက်ကိုရီးယားတို့ ပစ်လွှတ်

တာတို ပဲ့ထိန်းဒုံးကျည် အများအပြား မြောက်ကိုရီးယားတို့ ပစ်လွှတ်

သြဂုတ် ၂၆ ။          ။ တာတိုပစ် ပဲ့ထိန်းဒုံးကျည်သုံးစင်းကို သြဂုတ်လ ၂၅ ရက်က မြောက်ကိုရီးယားတို့ ပစ်လွှတ်ခဲ့ပြန်တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ ဒါဟာ ၀ါရှင်တန်နဲ့ ပြုံယမ် တို့အကြား တင်းမာမှုတွေ ရှိနေစဉ်မှာ ထပ်မံလုပ်ဆောင်လာတဲ့ ဒုံးကျည်ပစ်လွှတ်မှုတစ်ခုလည်း ဖြစ်လာပါတယ်။

ဒါပေမယ့်လည်း ယခုတစ်ကြိမ် မြောက်ကိုရီးယားတို့ရဲ့ ဒုံးကျည်ပစ်လွှတ်မှုကတော့ တစ်စင်းမှ ပစ်မှတ်ကိုမထိခဲ့ဘဲ အောင်မြင်ခဲ့ခြင်း မရှိဘူးလို့လည်း အမေရိကန် ရေတပ်မှ   ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်သုံးစင်းအနက် နှစ်စင်းကတော့ ပျံသန်းနေချိန်မှာပဲ ကျသွားခဲ့ပြီး တတိယ တစ်စင်းကလည်း လွှတ်ပြီးပြီးချင်းမှာပဲ ပေါက်ကွဲသွားတယ်လို့လည်း ၎င်းက ဆိုပါတယ်။

ယခု ဖြစ်လွှတ်လိုက်တဲ့ ဒုံးကျည်သုံးစင်းစလုံးကတော့ မြောက်အမေရိကဘက်ခြမ်းကိုရော၊ ဂူအမ်ကျွန်းနယ်မြေကိုပါ ခြိမ်းခြောက်ခဲ့ခြင်း မရှိဘူးလို့လည်း ၎င်းက ထပ်လောင်းပြောကြားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အမေရိကန်နဲ့ တောင်ကိုရီးယားစစ်သားထောင်ပေါင်းများစွာတို့ ပါ၀င်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးတစ်ရပ်ကို တောင်ကိုရီးယားမှာလုပ်ဆောင်နေမှုကို အမြင်မကြည်ဖြစ်နေတဲ့ မြောက်ကိုရီးယားတို့က ယခုလို ဒုံးကျည်ပစ်လွှတ်မှုနဲ့ တုန့်ပြန်ဖို့ ကြိုးစားခဲ့ပုံရတယ်လို့လည်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly