ဘတ်ကင်ဟမ်နန်းတော်ကို ဓားဖြင့် လာတိုက်ခိုက်သူအား ဖမ်းဆီး

ဘတ်ကင်ဟမ်နန်းတော်ကို ဓားဖြင့် လာတိုက်ခိုက်သူအား ဖမ်းဆီး

လန်ဒန်၊ သြဂုတ်  ၂၆ ။                 ။ လန်ဒန်ရှိ ဘုရင်မကြီး အယ်လိဇဘတ် စိုးစံသော ဘတ်ကင်ဟမ်နန်းတော်အပြင်ဖက်တွင် ရဲအား ဓားတစ်လက်ဖြင့် လာရောက်တိုက်ခိုက်သူ အမျိုးသားတစ်ဦးကို သြဂုတ် ၂၅ ရက်တွင် ဖမ်းဆီးရမိကြောင်း ရဲဌာနက ပြောသည်။

“အဲဒီလူကို ညပိုင်း ဆယ်နာရီခွဲလောက်မှာ ဖမ်းတားလိုက်နိုင်ပါတယ်။ ဘတ်ကင်ဟမ်နန်းတော်ကို ဓားကိုင်ပြီး လာရောက်တာဖြစ်ပါတယ်။”ဟု လန်ဒန်ရဲတပ်ဖွဲ့က ဆိုသည်။

 တိုက်ခိုက်မှုတွင် ရဲနှစ်ဦး လက်မောင်းများတွင် ဒဏ်ရာအနည်းငယ် ရရှိကြောင်း၊ ဓားဖြင့် လာရောက်တိုက်ခိုက်သူကို ပြင်းထန်စွာ ဒဏ်ရာအနာတရ ဖြစ်စေမှုဖြင့် ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒဏ်ရာရသူ ရဲနှစ်ဦးမှာ ဒဏ်ရာသေးငယ်သဖြင့် ဖြစ်ပွားရာတွင်ပင် ကုသပေးခဲ့ပြီး ဆေးရုံတင်ပို့ရခြင်း မရှိခဲ့ကြောင်း ရဲက ပြောကာ ယခု တိုက်ခိုက်မှုက အကြမ်းဖက်တိုက်ခိုက်မှုအဖြစ်   ပြောရန်   စောသေးကြောင်း ကြေညာထားသည်။

သို့သော် တိုက်ခိုက်သူသည် ဓားရှည်ကိုင်ဆောင်လာကာ တိုက်ခိုက်ခြင်းဖြစ်သည်ဟု လူမှုမီဒီယာများတွင် ရေးသားကာ ကမ္ဘာ့အထင်ကရဖြစ်သာ ဘတ်ကင်ဟမ်နန်းတော်က ယခုတိုက်ခိုက်မှု   ဖြစ်ပွားရာတွင် ရဲကားများနှင့် အရေးပေါ်ကားများ ရောက်ရှိနေသည့် ဗီဒီယိုများကိုလည်း အွန်လိုင်းတင်ခဲ့ကြသည်။

“နန်းတော်အပြင်မှာ လက်နက်ကိုင်ရဲတွေ တော်တော်များများ ရောက်နေတယ်။ အခင်းဖြစ်ရာကိုလည်း ပိတ်ထားတာ တွေ့ရတယ်။”ဟု တွစ်တာအသုံးပြုတစ်ဦးက ရေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly