အိန္ဒိယ ဘာသာရေးဂုရုကို မုဒိမ်းမှုဖြင့် စီရင်ချက် ချ၍ ပဋိပက္ခများ ဖြစ်ကာ လူ ၁၄ ဦး သေဆုံး

အိန္ဒိယ ဘာသာရေးဂုရုကို မုဒိမ်းမှုဖြင့် စီရင်ချက် ချ၍ ပဋိပက္ခများ ဖြစ်ကာ လူ ၁၄ ဦး သေဆုံး

နယူးဒေလီ၊ သြဂုတ် ၂၅ ။             ။ အိန္ဒိယ တရားရုံးတစ်ရုံးက အငြင်းပွားဖွယ် ဘာသာရေး ဂုရုတစ်ဦးသည် ၎င်းအပေါ် ဆည်းကပ်ကိုးကွယ်သူ အမျိုးသမီးနှစ်ဦးအား အဓမ္မ ပြုကျင့်သည့် အပြစ်ရှိသည်ဟု သြဂုတ် ၂၅ ရက်တွင် စီရင်ချက် ချမှတ်လိုက်ပြီးနောက် ပဋိပက္ခ ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားရာမှ လူ ၁၄ ဦးသေဆုံးပြီး တစ်ရာကျော်ထက်မနည်း ဒဏ်ရာရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရသည်။

 

ပန်ကူလာမြို့တွင် ဂုရုဆရာ ရမ်ရာဟမ်ဆင်းချ်အား ဗဟိုစုံစမ်းစစ်ဆေးရေး အေဂျင်စီက အထူးခုံရုံးဖွဲ့ကာ စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး ကိုးကွယ်သူ အမျိုးသမီးနှစ်ဦးကို ဆင်းချ်က သားမယားပြုကျင့်ခဲ့သည်ဟု စီရင်ဆုံးဖြတ်ချက် ချလိုက်ခြင်းဖြစ်သည်။ ဆင်းချ်၏ နောက်လိုက် တပည့်သာဝက ထောင်ပေါင်းများစွာက ယင်းမြို့သို့ ရောက်ရှိနေရာ ထိပ်တိုက်တွေ့မှုများ ပေါ်ပေါက်လာ၍ ရဲက မျက်ရည်ယိုဗုံးများ၊ ရေအမြောက်များသုံး နှိမ်နင်းသည်။

ကမ္ဘာ့အနှံ့ ယုံကြည်ဆည်းကပ်သူပေါင်း သန်းပေါင်းများစွာ ရှိနေသည်ဟုဆိုသော ဆင်းချ်၏ ဘာသာအယူဝါဒ ထူထောင်ဖြန့်ဖြူးရာ မြောက်ပိုင်း ဟာယာနာပြည်နယ်တွင် ဆင်းချ်၏ နောက်လိုက်နောက်ပါ တပည့်သာဝကများ အများအပြား ရှိထားသည်။

စီရင်ချက် မချမီကတည်းက လုံခြံုရေးတပ်နှင့် အဓိကရုဏ်းနှိမ်နင်းရေးရဲများ ဖြန့်ကြက်ချထားသော်လည်း ဆင်းချ်အား မုဒိမ်းမှု အပြစ်ရှိသည်ဟူသော တရားရုံး စီရင်ချက်သည် ၎င်းကို ဆည်းကပ်သူများကြား ပျံ့နှံ့လာခဲ့ရာမှ ဆူပူအကြမ်းဖက်မှုများအဖြစ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ကျောက်ခဲများဖြင့် ပစ်ပေါက်သော၊ ရုပ်သံဗင်ကားနှစ်စီးကို တိုက်ခိုက်ရာမှ တစ်စီးကို ပက်လက်မှောက်ပစ်သည့်အထိ ဆူပူနေကြသော ဆန္ဒပြလူအုပ်ကို မျက်ရည်ယိုဓာတ်ငွေ့နှင့် ရေအမြောက်များဖြင့် ရဲက ပစ်ခတ်နှိမ်နင်းသည်ဟု အေအက်ဖ်ပီသတင်းထောက်က ပြောသည်။

ဆင်းချ်ကို စစ်တပ်အခြံအရံဖြင့် အချုပ်ခန်းသို့ ပို့ဆောင်ခဲ့ကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။ ဆင်းချ်အား ပြစ်ဒဏ်ကို သြဂုတ် ၂၈ ရက်တွင် ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

အထူးခုံရုံးတွင် တံခါးပိတ်ကြားနာပြီးနောက် "ဘာဘာ ဆင်းချ်ကို မုဒိမ်းမှု အပြစ်ရှိတယ်လို့ တရားရုံးက စီရင်လိုက်ပါတယ်။"ဟု အစိုးရရှေ့နေတစ်ဦးက အေအက်ဖ်ပီသို့ တယ်လီဖုန်းဖြင့် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly