ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ပုဒ်မ ၆၆(ဃ)ဖြင့်အရေးယူပေးရန် တိုင်ကြားခဲ့သူက အမှုဖွင့်ခြင်းအား ရှင်းလင်းပွဲလုပ်

ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ပုဒ်မ ၆၆(ဃ)ဖြင့်အရေးယူပေးရန် တိုင်ကြားခဲ့သူက အမှုဖွင့်ခြင်းအား ရှင်းလင်းပွဲလုပ်
(ဓာတ်ပုံ-အောင်ကိုဦး/မဇ္ဈိမ)

မန္တလေး၊ သြဂုတ် ၂၅ ။              ။ မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊အိုးဘိုရွှေကျင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်အရေးယူပေးရန်   အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့တွင် တိုင်ကြားထားသည်ဟု တိုင်ကြားခဲ့သူ ဦးထွန်းလင်းက သြဂုတ်လ ၂၅ ရက်၊မွန်းလွဲ ၃ နာရီက မန္တလေးမြို့၊၁၂လမ်း၊၈၁လမ်းထောင့်ရှိ အောင်ထွန်းထွန်း ကဖေး၌ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားခဲ့သည်။

အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော် သမ္မတ၊မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်တို့ကို ဂုဏ်သိက္ခာ ကျဆင်းအောင် ရေးသားခြင်း၊ဓာတ်ပုံများတင်ခြင်နှင့်ကားတွန်းများတင်နေခြင်းကြောင့် အမှုဖွင့်တိုင်ကြားရခြင်း ဖြစ်သည်ဟု ဦးထွန်းလင်းကဆိုသည်။

"အုပ်ချုပ်ရေးမှူး တစ်ဦးက နိုင်ငံတော်ကိုဦးဆောင်နေသူများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့အတွက် အရေးယူပေးဖို့တိုင်ကြားခဲ့တာပါ။"ဟု ဦးထွန်းလင်းကဆိုသည်။

ထိုသို့တိုင်ကြားခြင်းကို သြဂုတ်လ ၆ ရက်နေ့က ပြုလုပ်ခဲ့ပြီး အရေးယူနိုင်ရန်အတွက် သက်သေခံဖုန်းကို CIDသို့ ပို့ဆောင်စစ်ဆေးလျှက်ရှိနေပြီး သြဂုတ်လ ၂၈ ရက်(တနင်္လာ)နေ့တွင် စစ်ဆေးတွေ့ရှိချက်များသိရမည်ဟု အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

အစွပ်စွဲခံရသူ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရွှေဘက "ကျွန်တော် အဲဒီလိုပုံတွေမတင်ပါဘူး။ကျွန်တော့်ဖုန်းယူပြီး တစ်ယောက်ယောက်က လုပ်ကြံတင်တာပဲဖြစ်မယ်။ကျွန်တော့်ဖုန်းတော့ ရဲတပ်ဖွဲ့က သိမ်းထားပါတယ်။စစ်ဆေးတာတွေ ဘာတွေတော့ မရှိသေးပါဘူး။"ဟု မီဒီယာသမားများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

Min Tharr Gyi Facebook Account မှာ၎င်းအကောင့်အမှန်ဖြစ်သော်လည်း ယခုတိုင်ကြားခံရသည့် ပုံများ၊စာများနှင့်ကာတွန်းများမှာ ၎င်းကိုယ်တိုင်တင်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။

အဆိုပါအကောင့်ဖြင့် တင်ထားသည့် ဓာတ်ပုံများ၊စာသားများနှင့်ကာတွန်းများကို သတင်းစာရှင်းလင်းပွဲတွင် ပရိုဂျက်တာဖြင့်ပြ၍ ရှင်းလင်းမှုများပြုလုပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly