လူသတ်အလောင်းဖျောက်မှုနှင့်ပတ်သက်၍ အမှုမှန်ဖော်ထုတ်ပေးရန် တောင်းဆို

လူသတ်အလောင်းဖျောက်မှုနှင့်ပတ်သက်၍ အမှုမှန်ဖော်ထုတ်ပေးရန် တောင်းဆို

မန္တလေး၊ သြဂုတ် ၂၅ ။               ။ စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းကျေးရွာအုပ်စု၊လက်ယက်ကုန်းကျေးရွာတွင် လူသတ်အလောင်းဖျောက်မှုနှင့်ပတ်သက်၍ အမှုမှန်ဖော်ထုတ်ပေးရန်အတွက် သြဂုတ်လ ၂၅ ရက်၊မွန်းလွဲ ၁ နာရီက မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊၃၃လမ်းနှင့်၃၄လမ်းကြား၊၇၂လမ်းနှင့်ရ၃လမ်းကြား၊သရဖီလမ်းသွယ်ရှိ မီဒီယာစင်တာတွင် ဒေသခံအမှုတိုင်ကြားခဲ့သူများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် ၂၀၁၆ခုနှစ်မှစတင်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာအဆင့်ဆင့်သို့ ၂၀၁၇ခုနှစ်၊ဇူလိုင်လအထိ တိုင်ကြားမှုများ အကြိမ်ကြိမ်   ပြုလုပ်ခဲ့သော်လည်း အကြောင်းတစ်စုံတရာ ထူးခြားခြင်းမရှိခြင်းကြောင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်သည်ဟု အမှုတိုင်တန်းသူ ဦးတင်ရှိန်က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

အမှုဖြစ်စဉ်မှာ ၂၀၁၅ခုနှစ်၊ဖေဖော်ဝါရီလ ၂ ရက်က လက်ယက်ကုန်းကျေးရွာရှိ ကောက်ရိုးပုံအား မီးရှို့ခဲ့သူ မောင်မော်ဆိုသူအား ကျေးရွာသားတစ်ချို့က အုပ်စုဖွဲ့သတ်ခဲ့ပြီး အလောင်းအား မီးရှို့ဖျောက်ခဲ့ခြင်းဖြစ်ကြောင်း ဦးတင်ရှိန်က သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

"မီးရှို့တာ မီးရှို့တဲ့အမှုနဲ့ဖမ်းလေ။အခုဟာ သတ်ကိုပစ်ပြီး မီးရှို့ပစ်ခဲ့တယ်။အရိုးတောင်မကျန်ဘူး။ပြီးတော့ ရှို့တဲ့သူက ကျန်မာရေးမကောင်းဘူး။တီဗီပိုး ဦးနှောက်ထဲ ရောက်လို့   ကြောင်နေတယ်။ အခုလိုသတ်ခဲ့တာကို အရေးယူပေးပို့ တိုင်ကြားတော့လည်း အခုချိန်ထိ တစ်ယောက်ပဲ ဖမ်းသေးတယ်။"ဟု သတင်းစာရှင်းလင်းပွဲတွင် ဦးတင်ရှိန်ကပြောသည်။

မျက်မြင်တွေ့ရှိသူ ဦးကြည်ရှောင်က "၁၄ယောက်လောက်ရှိတယ်။ရွာသချင်္ ိုင်းထဲဆွဲခေါ်သွားပြီး ဝိုင်းသတ်လိုက်တယ်။အဲဒီမှာပဲ အဲဒီညမှာ မီးရှို့ပစ်ခဲ့ကြတယ်။ ရဲလာစစ်တော့ ပြာပုံပဲရှိတော့တယ်။ ကျွန်တော့်အိမ်နဲ့သချင်္ ိုင်းက နီးတော့ မြင်နေရတယ်။"ဟု သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

၎င်းကျေးရွာတွင် သေဆုံးသူများကို မြေသာမြုပ်ပြီး မီးရှို့ခဲ့ခြင်းမရှိကြောင်း ယခုလိုမီးရှို့ခြင်းမှာ ပထမဆုံးဖြစ်ကြောင်း ဦးကြည်ရှောင်ကဆိုသည်။

သေဆုံးသူ၏ မိဘနှစ်ပါးမှာ အသက်အရွယ်ကြီးရင့်နေသလို ငွေကြေးမပြည့်ဆုံခြင်းကြောင့် အမှန်တရားပေါ်ပေါက်လိုသည့် ဒေသခံများက ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်သည်ဟု ကူညီးဆောင်ရွက်ပေးနေသူ ဦးတင်အုန်းကျော်က သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

အဆိုပါဖြစ်စဉ်အား ဒီပဲယင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ဒုရဲမှူး သန်းစိုးက "မြို့နယ်အနေနဲ့ကတော့ တရားခံပြေး တရားစွဲတင်ထားပါတယ်။ခရိုင်တရားရုံမှာပါပဲ။နစ်နာတာက မိသားစုတစ်စုတည်းပါ။မျက်မြင် ရှင်းချင်တယ်ဆိုလည်း အဲဒီတုန်းက စခန်းမှာရှင်းလို့ရပါတယ်။"ဟုပြောသည်။

သတင်းစာရှင်းလင်းပွဲလာရောက်ပြုလုပ်သူများအနေဖြင့် အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးစေရန်နှင့်ကျူးလွန်သူများ အမြန်ဆုံးဖမ်းဆီးပေးရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ထပ်မံတင်ပြ တိုင်းကြားသွားမည်ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်သူများက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly