အကြမ်းဖက်မှုဖြစ်ပွားရာ ဒေသရှိ စာသင်ကျောင်းများအားလုံး ရက်အကန့်အသတ်မရှိ ပိတ်ထား

အကြမ်းဖက်မှုဖြစ်ပွားရာ ဒေသရှိ စာသင်ကျောင်းများအားလုံး ရက်အကန့်အသတ်မရှိ ပိတ်ထား
 လုံခြုံရေးအခြေအနေအရ ပိတ်ထားရသည့် မောင်တောမြို့နယ် အထက ၁ စာသင်ကျောင်း -ဓာတ်ပုံ - မင်းမျိုးနွယ်/RiA

စစ်တွေ၊ သြဂုတ် ၂၅ ရက်။                      ။ ရခိုင်မြောက်ပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများ တကျော့ပြန် စတင်လာသဖြင့် အဆိုပါ ဒေသရှိ စာသင်ကျောင်းများ အားလုံးအား ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ယနေ့ သြဂုတ် ၂၅ ရက်နေ့ နေ့လည် ၃ နာရီ ၃၀ မိနစ်အချိန်တွင် အတည်ပြု ပြောကြားသည်။

“ အကြမ်းဖက်မှုဖြစ်ပွားရာ မယူကမ်းဒေသက စာသင်ကျောင်းများအားလုံးကို ဒီနေ့က စပိတ်ပါတယ်။ အကြမ်းဖက်မှုတွေ ငြိမ်သက်သွားတဲ့အခါမှပဲ ပြန်လည်ဖွင့်လှစ်မှာပါ။” ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။

ပြည်နယ်ပညာရေးမှူးရုံး စာရင်းမှတ်တမ်းများအရ မောင်တောခရိုင် မောင်တောမြို့နယ်တွင် စာသင်ကျောင်းပေါင်း ၁၈၃ ကျောင်းနှင့် ဘူးသီးတောင်မြို့နယ်တွင် ၂၂၁ ကျောင်းရှိကာ ရသေ့တောင်တွင် ကျောင်းပေါင်း ၂၀ အားလုံးစုစုပေါင်း ၄၂၄ ကျောင်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ခြင်းဖြစ်သည်။

သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၁ နာရီခန့်မှ စတင်ကာ ယခုချိန်ထိ မောင်တောနှင့် မေယုဒေသတစ်ခုလုံးနီးပါးတွင် မွတ်ဆလင် လက်နက်ကိုင်များက အစိုးရဌာန အဆောက်အဦများနှင့် ရဲကင်းစခန်း၊ ရဲဌာနချူပ်များအား တိုက်ခိုက်မှုများပြုလုပ်နေသဖြင့် အဆိုပါဒေသများ၏ လုံခြုံရေးအခြေအနေအရ စာသင်ကျောင်းများအား ပိတ်လိုက်ခြင်းလည်း ဖြစ်သည်။

ယခုလို စာသင်ကျောင်းများ ရက်အကန့်အသတ်မရှိ ပိတ်ထားရမှုသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလကိုးရက်နေ့ တိုက်ခိုက်မှုများအပြီးတွင်လည်း တစ်ကြိမ် ပိတ်ထားခဲ့ရသေးသည်။

မောင်တောဒေသတစ်ခုလုံးရှိ ကျေးရွာ အများစုမှ ရခိုင်တိုင်းရင်းသား ကျေးရွာသားများမှာ ယနေ့အချိန်ထိ စိုးရိမ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေရမှု မြင့်တက်နေသည့်အတွက် ကျောင်းများ ပြန်လည် ဖွင့်လှစ်ပေးပါကလည်း တက်ရောက်နိုင်မည် မဟုတ်ကြောင်း ကျောင်းသားမိဘများက ပြောကြသည်။

ရခိုင်ပြည်နယ် ပညာရေးဌာန၏ စာရင်းမှတ်တမ်းများ အရ မောင်တောခရိုင်ရှိ ကျောင်းသား၊ ကျောင်းသူ ၁၂၆၀၀၀ ကျော် ၏ ၁၀ ရာခိုင်နှုန်းမှာ ရခိုင်တိုင်းရင်းသားများဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly