Samsung ကုမ္ပဏီရဲ့ အမွေခံ သူဌေး လာဘ်ထိုးမှုနဲ့ ထောင်ငါးနှစ်ချမှတ်ခံရ

Samsung ကုမ္ပဏီရဲ့ အမွေခံ သူဌေး လာဘ်ထိုးမှုနဲ့ ထောင်ငါးနှစ်ချမှတ်ခံရ

သြဂုတ် ၂၅ ။                  ။ တောင်ကိုရီးယားလုပ်ငန်းစုကြီးဖြစ်တဲ့ Samsung ကို အမွေဆက်ခံမယ့်သူအဖြစ် သတ်မှတ်ခံထားရတဲ့ Lee Jae Yong ကို ယနေ့ သြဂုတ်လ ၂၅ ရက်မှာပဲ တရားရုံးက လာဘ်ထိုးမှုအပါအဝင် အခြားပြစ်မှုတွေနဲ့ ထောင်ဒဏ် ငါးနှစ် ချမှတ်လိုက်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

Samsung ကုမ္ပဏီရဲ့ လက်ရှိ ဦးဆောင်သူ သူဌေး Lee ဟာ ယင်းနိုင်ငံမှာ သမ္မတဟောင်း Park Geun Hye ပြုတ်ကျသွားခဲ့တဲ့ အကျင့်ပျက်ခြစားမှု ကိစ္စမှာ အာဏာပိုင်တွေကို လာဘ်ထိုးထားခဲ့တယ်ဆိုပြီး စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေခဲ့ရသူလည်း ဖြစ်ပါတယ်။

ယခုလို Lee ထောင်ဒဏ်ချမှတ်ခံခဲ့ရကြောင့် ကမ္ဘာကျော်နည်းပညာလုပ်ငန်းကုမ္ပဏီကြီးအတွက်ကတော့ လုပ်ငန်းလုပ်ကိုင်မှုပိုင်းမှာ ထိခိုက်မှုတွေနဲ့ ခံစားသွားရနိုင်တယ်လို့လည်း သိရပါတယ်။

Lee ဟာ တောင်ကိုရီးယားနိုင်ငံမှာလည်း တတိယမြောက် အချမ်းသာဆုံး သူဌေးကြီးဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်သူ Samsung ကို တိုက်ရိုက်ဆက်ခံလုပ်ကိုင်မယ့်သူအဖြစ် ရှိနေခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Lee ဟာ လာဘ်ပေးမှု စွပ်စွဲချက်တွေနဲ့ပဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ထိန်းသိမ်းဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

Samsung ကုမ္ပဏီက သမ္မတဟောင်း Park ရဲ့ အရင်းနှီးဆုံးမိတ်ဆွေ Choi Soon Sil ဦးစီးတဲ့ အကျိုးအမြတ်မယူလုပ်ငန်းအဖွဲ့အစည်းဆီ ဒေါ်လာ သန်း ၄၀ ခန့် လာဘ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ ယခုလို Lee ဟာ အမှုရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly