အမေရိကန်၏ အာဖဂန်ဗျူဟာအသစ်သည် အချည်းအနှီးသာဖြစ်မည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးပြော

အမေရိကန်၏ အာဖဂန်ဗျူဟာအသစ်သည် အချည်းအနှီးသာဖြစ်မည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးပြော

မော်စကို၊ ရုရှား၊ သြဂုတ် ၂၅ ။                     ။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က အာဖဂန်နစ္စတန်၌ ကျင့်သုံးမည့် အမေရိကန်၏ဗျူဟာအသစ် သည် အားရစရာမရှိကြောင်းနှင့် သမ္မတဒေါ်နယ်ထရမ့် ပွဲထုတ်လိုက်သည့် အဆိုပါအစီအစဉ်သည် အချည်း အနှီးသာဖြစ်မည့် ဗျူဟာတစ်ခုဖြစ်ကြောင်း ကြာသာပတေးနေ့က ပြောခဲ့သည်။

မော်စကိုတွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဆာဂျီလက်ဗ်ရော့ဗ်က “၀ါရှင်တန်အစိုးရမှ ထုတ်ပြန်လိုက် တဲ့ အာဖဂန်နစ္စတန်မှာ ကျင့်သုံးသွားမယ့် ဗျူဟာအသစ်ဟာ ဖိအားပေးမယ့်နည်းလမ်းတွေ ပါ၀င်နေတာကြောင့် အားရစရာလုံးဝမရှိဘူးလို့ ရုရှားနိုင်ငံအနေနဲ့ ပြောကြားလိုပါတယ်” ဟု ပြောခဲ့သည်။

“ဒီလုပ်ဆောင်ချက်ဟာ အချည်းအနှီးသာဖြစ်သွားမယ်ဆိုတာ ကျနောတို့ဘက်က သေချာပြောရဲပါတယ်” ဟု သူကပြောခဲ့သည့်အပြင် တာလီဘန်များကို မော်စကိုအစိုးရက နောက်ကွယ်မှ   ထောက်ပံ့ပေးနေသည်ဆိုသော ပြောဆိုချက်များကို ယတိပြတ်ငြင်းဆန်ခဲ့သည်။

ထရမ့်သည် အာဖဂန်နစ္စတန်အတွင်း၌ စစ်သားအင်အား ၄၀၀၀ ခန့်ကို ထပ်မံဖြည့်တင်းသွားမည်ဖြစ်ကြောင်း ယခုအပတ်အတွင်း ကြေညာခဲ့သောကြောင့် အမေရိကန်၏အရှည်ကြာဆုံး စစ်ပွဲကိုရပ်တန့်မည်ဟု သူကိုယ် တိုင်ပေးအပ်ခဲ့သော ကတိကို ဘွာခတ်လိုက်ခြင်းဖြစ်ကာ အခြားအသေးစိတ် အစီအစဉ်များကိုလည်း ရှင်းလင်း စွာ မပြောကြားသေးကြောင်း သိရသည်။

အခြားတစ်ဖက်တွင် မော်စကိုအစိုးရသည် တာလီဘန်တို့ကို လက်နက်ထောက်ပံ့နေသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်၏ စွပ်စွဲပြောဆိုချက်ကို လက်ဗ်ရော့ဗ်က “တာလီဘန်တွေကို ကျနော် တို့ ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲခံရတာဟာ ဒါပထမဦးဆုံးအကြိမ်တော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့်လည်း ဒါကိုသက်သေပြဖို့ အချက်အလက်တွေ တစ်ခုမှပေါ်မလာသေးပါဘူး” ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

လက်ဗ်ရော့ဗ်က မော်စကိုအစိုးရသည် တာလီဘန်နှင့် ဆက်သွယ်ပြောဆိုသည့် အကြောင်းရင်းမှာ နှစ်ခုသာရှိ ကြောင်း၊ ထိုအရာမှာ အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ ရုရှားနိုင်ငံသားများ၏ လုံခြံုရေးအတွက်နှင့် အာဖဂန် အစိုးရနှင့် တာလီဘန်တို့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် တွန်းအားပေးသည့် အချိန်တို့တွင်သာ ထိတွေ့ဆက်ဆံ ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ဒါ့အပြင် ရုရှားအာဏာပိုင်များက မော်စကိုအစိုးရသည် အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့ကို ဆန့်ကျင်တိုက် ခိုက်ရာတွင် တာလီဘန်တို့နှင့် သတင်းဖလှယ်မှုများရှိခဲ့ကြောင်း ယခင်ကတည်းက ထုတ်ဖော်ပြောကြားထားခဲ့ သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly