သီလကြောင် နိုင်ငံရေးသမား သတိထား

သီလကြောင် နိုင်ငံရေးသမား သတိထား

နိုင်ငံရေးအကျဉ်းသားလောကတွင် လွတ်ကြောင်ဟူသည့် ဝေါဟာရတစ်ခု ရှိသည်။ အကျဉ်းထောင်တွင်းမှ ဟိုရက် လွတ်မည်၊ ဒီရက် လွတ်မည်ဆိုပြီး လွတ်ရက်မျှော်ကိုး မျှော်လင့်ချက်ကြီးသူကို ဆိုလို ရင်းဖြစ်သည်။

နိုင်ငံရေးသမားများသည် တိုင်းပြည်နှင့် လူထုကောင်းကျိုးအတွက် မိမိတို့ အတ္တနှင့်ဘဝကို အရင်းအနှီးပြုပြီး အများအကျိုး လုပ်ကိုင်ဆောင်ရွက်နေသူများဖြစ်ရာ မိမိလွတ်မြောက်ရာ လွတ်မြောက်ကြောင်း အတွက် လိုအပ် သည်ထက်ပို၍ ပြင်းပြင်းထန်ထန် တောင့်တသူကို လွတ်ကြောင်ဟု အချင်းချင်းက သတ်မှတ် သရော်ကြခြင်း ဖြစ်သည်။

ယခုအခါ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ တွင် ကျင်းပတော့မည်ဖြစ်ရာ တိုင်းပြည်နှင့် လူထုအကျိုးကို ထမ်းဆောင်ကြမည့် ပြည်သူ့ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲ ဝင်ရောက် ရန်ပြင်ဆင်နေကြသည်။ နိုင်ငံရေးပါတီတစ်ခုခု ကိုယ်စားပြု ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ တသီးပုဂ္ဂလကိုယ်စားလှယ် အဖြစ်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

သူတို့သည် လွှတ်တော်တွင်းနိုင်ငံရေးဖြင့် ဥပဒေပြုရေး မဏ္ဍိုင်တွင် ပြည်သူ့ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခွင့်ရရှိရန် ကြိုးစားကြခြင်း ဖြစ်သည်။ ဤတွင်လည်း နိုင်ငံရေး သီလကြောင်များ ပါလာပြန်သည်။

နိုင်ငံရေးသီလကြောင်ကို အဓိပ္ပာယ်ဖွင့်ဆိုရသော် နိုင်ငံရေးအရ ကောင်းမွန်သန့်စင်သူဟု အထင်ရှိအောင် နေထိုင်ပြသော်လည်း တကယ်တမ်းတွင် ဖြတ်သန်းမှုအတွေ့အကြုံတွင်းမှ နိုင်ငံရေးအာဃာတ ထားတတ်သူ၊ နိုင်ငံရေးဒေါသ ကြီးထွားသူနှင့် နိုင်ငံရေးသီလ ညံ့ဖျင်းသူများ ဖြစ်သည်။ အများအမြင်တွင် တော်သူ၊ ထက်သူ၊ တိုင်းပြည်နှင့်လူထုအကျိုး ထမ်းဆောင်မည့်သူဟု အထင်ရောက်စေသော်လည်း တကယ်တမ်းတွင် အတ္တကြီးပြီး နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များနှင့် မညှိနှိုင်းနိုင်သူ၊ ငါတကောကောသူနှင့် မိမိအတ္တကို ထိပါးထားသူများအား မကျေမချမ်းနှင့် အညှိုးထားသူမျိုး ဖြစ်သည်။

အခြားသော နိုင်ငံရေးသီလကြောင်များလည်း ရှိနိုင်သေးသည်။ ထိုသူတို့ကား အညံ့စားသီလကြောင်များ ဖြစ်သည်။ စိတ်မခိုင်သူများလည်း ဖြစ်သည်။ အစိုးရနှင့် အဆင်ပြေအောင်ပေါင်းဖို့ လိုလျှင်ပေါင်းပြီး မိမိ ကောင်းစားရေး မိမိမိသားစု ကောင်းစားရေးကို လုပ်ဆောင်တတ်သည်။ ပါတီနိုင်ငံရေးလုပ်ရမည့်ခေတ်တွင် ပါတီနိုင်ငံရေးကို တက်ကြွသည့်အသွင်ဖြင့် လုပ်ဆောင်ပြန်သည်။

ရွေးကောက်ပွဲဝင်ရမည့်အချိန်တွင် ရွေးကောက်ပွဲရအောင် ဝင်သည်။ သူတို့သည် အမြဲဆိုသလို ရှေ့တန်းမှ တက်တက်ကြွကြွ ရှိနေသည်ချည်း ဖြစ်သည်။ ဟန်ပြကောင်းသည်။ သို့သော် စိတ်ဓာတ်မမှန်၊ လမ်းကြောင်းမခိုင်ကျည်ဘဲ ဟန်ပြသက်သက်သာ လုပ်ဆောင်ကြသူ အညံ့စားနိုင်ငံရေးသီလကြောင်များ ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် ပြည်သူများ မလိုလားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အထိုင်ပေါ်မှ ကျင်းပမည် ဖြစ်သော်လည်း ဒီမိုကရေစီအင်အားစုများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ များ၊ တိုင်းပြည်နှင့်လူထုအကျိုးကို အမှန်တကယ် ဆောင်ကျဉ်းနိုင်ရန် ကြိုးစားလိုသူများ ရာခိုင်နှုန်းပြည့်၊ သို့တည်းမဟုတ် ပမာဏများများ လွှတ်တော်တွင်း ဝင်ရောက်နိုင်ခဲ့သော် ဥပဒေပြုရေးမဏ္ဍိုင်ဘက်မှ လူထုအကျိုးကို အကောင်းဆုံး စွမ်းဆောင်နိုင်ကြလိမ့်မည်ဟု မျှော်လင့်ချက်ရေးရေး ရှိနေပါသည်။ ထိုသူတို့သည် အစိုးရတစ်ရပ်ကို ဦးဆောင်ဖွဲ့စည်းမည့် သမ္မတကိုလည်း ရွေးချယ်နိုင်ပါလိမ့်မည်။

သို့အတွက် လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲသည် အနိမ့်ဆုံးအားဖြင့် လွတ်လပ်ပြီး တရားမမျှတသည့် ရွေးကောက်ပွဲဖြစ်စေဦးတော့ ပြည်သူ တို့အတွက် ယခင်ထက် ပို၍ကောင်းမည့် အလားအလာတချို့ မှိန်ပျပျ ရှိနေနိုင်ပါသည်။

လွှတ်တော်ပြင်ပနိုင်ငံရေးနှင့် လူထုလှုပ်ရှားမှု အရေးတော်ပုံများထက်စာလျှင် လွှတ်တော်တွင်း နိုင်ငံရေး သည် ပို၍ သိမ်မွေ့ညင်သာပါသည်။ အပြောင်းအလဲသည် ကြာရှည် ဖြည်းလေးမည်ဖြစ်သော်လည်း ဥပဒေ ဘောင်တွင်းမှ သွားကြသည်ဖြစ်ရာ ဘေးကင်းလုံခြုံမည် ဖြစ်သည်။ ထိုစဉ် လွှတ်တော်တွင်းသို့ အခွင့်အရေး သမားများ၊ မိမိတို့ကိုယ်ကျိုးအတွက် အစီအစဉ်တကျ ဝင်ရောက်ရန် ကြိုးပမ်းမည့်သူများ၊ ဆိုခဲ့ပါ နိုင်ငံရေး သီလကြောင်များ ရောက်ရှိသွားမည်ဆိုပါက မြန်မာ့အနာဂတ် ဝိုးတဝါးလရောင်သည် နေထွက်သည်နှင့် ပျောက်သောနှင်းကဲ့သို့ ဖြစ်ချေလိမ့်မည်။

နိုင်ငံရေးသီလကြောင်များကို မြင်အောင်ကြည့်ပါ ၊ရှောင်ကြရှားကြပါ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ထိုသူများကို မဲမထည့်ခြင်းဖြင့် ထိုသူတို့ထက် သာသူများကို လွှတ်တော်တွင်းရောက် ရှိလေအောင် ကူကြပါ မည့်အကြောင်း မဇ္ဈိမက တွေးစရာပေးလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags