ရန်ကုန်၊ သြဂုတ်လ၂၅ ။ ။ အလုပ်ခေါ်စာများတွင် မသန်စွမ်းများအား ခွဲခြားသည့် အသုံးအနှုန်းမျိုး ထည့်သွင်းခြင်းများကို ပြန်လည်စဉ်းစား ပြင်ဆင်ရန်သင့်သည်ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီအတွင်းရေးမှူး ဦးညီီညီက ဆိုသည်။
" ဒီအချက်အလက်ကလည်း ပြန်လည်ဆွေးနွေးဖို့ ပြုပြင်ဖို့လိုအပ်ပါတယ် ။ အထူးသဖြင့် သန်စွမ်းပြီးတော့ ၊ မသန်စွမ်းလောက် အသုံးမတည့်သူတွေ အများကြီးဖြစ်နေပါတယ် ။ မသန်သော်လည်းစွမ်းနေကြတာအများကြီးရှိတဲ့အတွက် ကိုယ်လက်အင်္ဂါသန်စွမ်းရမယ်ဆိုတဲ့ဟာမျိုးတွေကတော့ ချွင်းချက်အနေနဲ့ထားပြီးတော့ ဖယ်သင့်ရင်လည်းဖယ်ရလိမ့်မယ်လို့ ပြောချင်ပါတယ်ခင်ဗျ"ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီအတွင်းရေးမှူး ဦးညီီညီက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ ဦးညီညီက ရန်ကုန်မြို့ Summit Park view ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် မြို့ပြနေအမျိုးသမီးများ ဘေးကင်းလုံခြံုမှုဆိုင်ရာ မျက်နှာစုံညီတွေ့ဆုံဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
မသန်စွမ်းများကို ဖယ်ကျဉ်ထားသည်ထက် ရှေ့တန်းတင်ပေးသင့်ပြီး သန်စွမ်းသူများထက် အလုပ်ပိုမိုကြိုးစားသည့် မသန်စွမ်းများလည်းရှိနေကြောင်း သူက ဆက်ပြောသည်။
မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၏ အလုပ်ခေါ်စာတွင် ဖော်ပြထားသော အရည်အချင်း သတ်မှတ်ချက် အမှတ်စဉ်(၂) (ဃ)တွင် ကိုယ်လက်အင်္ဂါသန်စွမ်းသူဖြစ်ရမည်ဟု သြဂုတ်လ ၆ ရက်နေ့တွင် ထုတ်ဝေခဲ့သည့် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြခဲ့သည်။ ၎င်းဖော်ပြချက်ကို မြန်မာနိုင်ငံမသန်စွမ်းအသင်းချုပ်မှ ရှုံ့ချကြောင်း သြဂုတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ပညာရေးဝန်ကြီးဌာန၏ အလုပ်ခေါ်စာ၌လည်း ကိုယ်လက်အင်္ဂါမသန်စွမ်းသူ မဖြစ်စေရ ဟူသည့်အချက် ပါဝင်နေသည့်အတွက် မသန်စွမ်းအသင်းချုပ်မှ ကန့်ကွက်ခဲ့သည်။
မသန်စွမ်းအသင်းချုပ်အနေဖြင့် ထိုကဲ့သို့ကိစ္စရပ်များကို ထုတ်ပြန်ချက်ထုတ်ခြင်း၊ သတိပေးခြင်းများဆောင်ရွက်နေပြီး နောက်ပိုင်းကာလများတွင် ဆက်လက်ဖြစ်ပွားနေပါက အရေးယူဆောင်ရွက်သွားမည်ဟု မသန်စွမ်းအသင်းချုပ်၏ ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ဆိုသည်။
ထို့ကဲ့သို့ မသန်စွမ်းသူများအား အလုပ်အကိုင်နှင့်ပတ်သတ်၍ ခွဲခြားသတ်မှတ်သည့်အချက်မှာ ကမ္ဘာ့ကုလသမဂ္ဂ၏အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်၊ ၂၀၁၅ ခုနှစ်မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေတို့ကို လျစ်လျူရှု့ချိုးဖောက်ရာ ကျရောက်နေသည်။