သြဂုတ် ၂၅၊ ရန်ကုန်။ ။ သြဂုတ် ၂၆ မှာ ထိုင်းယူ ၂၂ အသင်းနဲ့ ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ ဆီမီးအဆင့်ကစားရမယ့် မြန်မာယူ ၂၂ အသင်းအနေနဲ့ ဗိုလ်လုပွဲ မှာ အိမ်ရှင်မလေးရှားကိုရှောင်ချင်တယ်လို့ နည်းပြ ဂတ်ဇီဆီက ပြောဆိုလိုက်ပါတယ်။
ဆီမီးပွဲစဉ်တွေအတွက်သတင်းစာရှင်းလင်းပွဲကို ယနေ့မနက် ၁၁ နာရီက ပြုလုပ်ခဲ့ရာမှာ မြန်မာအသင်းနည်းပြချုပ် ဂတ်ဇီဆီနဲ့ တိုက်စစ်မှူးအောင်ကောင်းမာန်တို့ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာအသင်းအနေနဲ့ ဆီမီးဖိုင်နယ်အတွက် နားရက်အပြည့်အဝ ရထားပြီး ထိုင်းအသင်းကိုရင်ဆိုင်ဖို့ လုံလောက်တဲ့ကြံ့ခိုင်မှုနဲ့ စွမ်းဆောင်ရည်အပြည့်ရှိနေတယ်လို့လည်း ဂတ်ဇီဆီက ပြောပါတယ်။
“ကျွန်တော်တို့အသင်းအနေနဲ့ နားရက်အပြည့်ရထားပြီး အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။ ထိုင်းကအသင်းကောင်းတစ်သင်း ဆိုတာ ပြောစရာမလိုပါဘူး။ နှစ်သင်းလုံးအတွက် ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ။
ကျွန်တော်တို့ ဆီမီးဖိုင်နယ်အတွက် လုံလောက်တဲ့ကြံ့ခိုင်မှုရော စွမ်းဆောင်ရည်ပါ အပြည့်ရှိနေလို့ ပြိုင်ဘက်ကိုအကောင်းဆုံး ရင်ဆိုင်သွားမှာပါ။
ဗိုလ်လုပွဲမှာတော့ အိမ်ရှင်မလေးရှားကိုရှောင်နိုင်ရင် အကောင်းဆုံးပေါ့။ မလေးရှားက တကယ်ကောင်းတဲ့အသင်းတစ်သင်းလည်း ဖြစ်သလို ပရိသတ်အားပေးမှုကလည်း အပြည့်အဝရှိနေပါတယ်”လို့ ဂတ်ဇီဆီက ပြောဆိုခဲ့တာပါ။
တိုက်စစ်မှူးအောင်ကောင်းမာန်ကလည်း အာဆီယံရဲ့နာမည်ကြီးထိုင်းအသင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်ဖို့ ယုံကြည်ချက် အပြည့်ရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ဟာ သြဂုတ် ၂၆ ရက် နေ့လယ် ၂း၃၀ နာရီ အချိန်မှာ ဆလာရန်းကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပါ။