အမျိုးသမီးညှင်းပန်းနှိပ်စက်ခံရခြင်းများ လာရောက်တိုင်ကြားမှုများရှိလာသလို တိမ်မြှုပ်ပျောက်ကွယ်သွားခြင်းများလည်းရှိနေ

အမျိုးသမီးညှင်းပန်းနှိပ်စက်ခံရခြင်းများ လာရောက်တိုင်ကြားမှုများရှိလာသလို တိမ်မြှုပ်ပျောက်ကွယ်သွားခြင်းများလည်းရှိနေ
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ရန်ကုန် ၊ သြဂုတ် ၂၅ ။                   ။ မြန်မာနိုင်ငံ၌ အမျိုးသမီးများ ညှင်းပန်းနှိပ်စက်ခံရခြင်းများကို လာရောက်တိုင်တန်းမှုများ ရှိလာနေပြီဖြစ်သော်လည်း တိမ်မြှုပ်ပျောက်ကွယ်သွားသည့်အမှုများလည်း ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ ဦးညီညီက ပြောဆိုလိုက်သည်။

"ကျွန်တော်တို့နိုင်ငံက အမျိုးသမီးတွေနဲ့ပတ်သတ်ပြီးတော့ နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုမျိုးတွေကို ရင်ဆိုင်နေရတယ်ဆိုလည်း မမှားပါဘူး ကျွန်တော်တို့နိုင်ငံတင်ပဲလားဆိုတော့ ကမ္ဘာအရပ်ရပ်မှာ ဖွံ့ဖြိုးဖို့ကြိုးစားနေတဲ့ နိုင်ငံတိုင်းမှာလိုလို ရှိနေပါတယ် အခုမှ ရုတ်ချည်းဖြစ်လာတာ မဟုတ်ပါဘူး။ အခုခေတ်အခြေအနေက ပိုမိုပွင့်လင်းမြင်သာတဲ့ အခြေအနေဖြစ်လာတာ ရှိပါတယ်။   ပြီးတော့ လူမှုစာမျက်နှာတွလည်း အင်မတန်မှ ကျယ်ပြန့်လာတဲ့အခါမှာ တစ်ခုခုဖြစ်ပြီဆိုရင် နာရီမိနစ်စက္ကန့်မလပ် သိသွားတာများပါတယ်" ဟု ဦးညီညီက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ ဦးညီညီက ရန်ကုန်မြို့ Summit Park view ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့်   မြို့ပြနေအမျိုးသမီးများဘေးကင်းလုံခြံုမှုဆိုင်ရာ မျက်နှာစုံညီတွေ့ဆုံဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

"တစ်ခုတော့ရှိတာက မြို့ပြမှာလာပြီး နေထိုင်နေကြတဲ့အမျိုးသမီးတွေ အထူးသဖြင့်ကျေးလက်ကနေအများကြီး တက်လာကြတယ် စက်ရုံထဲမှာတင်မဟုတ်ပဲနဲ့ စက်ရုံပြင်ပမှာပါ   မြို့ပြရောက် အမျိုးသမီးအနေနဲ့ စိတ်ပူတဲ့ လုံခြံုရေးပိုင်းဆိုင်ရာအကုန်လုံးကိုဆွေးနွေးကြတာပါ" ဟု Actionaid Myanmar မှ အမျိုးသမီးအခွင့်အရေးတာဝန်ခံ ဒေါ်ခိုင်ဇာလင်းက ဆိုသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သာကေတ၊ ဒေါပုံ၊ အင်းစိန်၊ ဒလ၊ လှိုင်သာယာအပါအဝင် မြို့နယ် ရ မြို့နယ်မှ စက်ရုံအလုပ်သမားအများစု တက်ရောက်ရန် ဖိတ်ကြားခဲ့ပြီး တက်ရောက်လာဖြစ်သည်ဟု ဒေါ်ခိုင်ဇာလင်းကဆိုသည်။

အမျိုးသမီးများ ခရီးသွားလာရာတွင် စီးနင်းလိုက်ပါသည့် ဘတ်စ်ကား၊ အငှားယာဉ်၊ ရထားများပေါ်၌ လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု ကာယိန္ဒြေ္ဒနှောက်ယှက်မှုနှင့် ကိုယ်ထိလက်ရောက်   နှောက်ယှက်ခံရမှုများကိုပါ လုံခြံုမှုပေးနိုင်ရန် မည်ကဲ့သို့ လုပ်ဆောင်သွားမည်များအား ၄င်းပွဲတွင်ဆွေးနွေးခဲ့ကြသည်။

အဆိုပါပွဲကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိလွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ဌာနဆိုင်ရာဝန်ထမ်းများတက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly