တရုတ် စစ်တပ်ထဲ ဝင်လိုပါသလား၊ တစ်ကိုယ်ရည် အာသာဖြေမှု လျှော့ပါ

တရုတ် စစ်တပ်ထဲ ဝင်လိုပါသလား၊ တစ်ကိုယ်ရည် အာသာဖြေမှု လျှော့ပါ

ပေကျင်း၊ သြဂုတ် ၂၄ ။           ။ တရုတ်မှာ စစ်သားသစ် စုဆောင်းရွေးချယ်ချိန်ဆို တင်းကျပ်တဲ့ ကိုယ်ကာယ ကြ့ံခိုင်မှု စမ်းသပ်ရာမှာတင် အရည်အချင်းမမှီလို့ ကျဆုံးရသူတွေရဲ့ အရေအတွက် များပြားကြီးထွားနေတာဟာ တရုတ်စစ်တပ်အတွက်တော့ ဗျာများစရာပါ။

ဒါပေမယ့် အဖြေကတော့ ရှိနေပြီးသားပါ။ ကမ္ဘာ့အကြီးဆုံး စစ်တပ်ကြီးမှာ စစ်သားဖြစ်ချင်တယ်ဆိုရင်တော့ အဖြေက တစ်ကိုယ်ရည် အာသာဖြေမှုနဲ့ ကွန်ပြူတာဂိမ်းကို ရှောင်နိုင်ဖို့ပါပဲ။

တရုတ်ပြည်က ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA အကြီးအကဲတွေဟာ စစ်ထဲဝင်ဖို့ လျှောက်လာသူတွေထဲ တကယ့် အရည်အချင်း ဒေါင်ဒေါင်မြည်တွေကိုပဲ ရွေးပြီး ကမ္ဘာ့အကြီးဆုံး သူတို့စစ်တပ်မှာ တာဝန်ခန့်အပ် စစ်တပ်ထဲ သွင်းလိုကြတာပါ။

ခုလမှာ PLA ရဲ့ တရားဝင် သတင်းစာက စစ်ထဲဝင်ဖို့ လျှောက်ထားသူတွေ ပထမအသုတ် စစ်ဆေးမှုမှာပဲ အရည်အချင်းမမှီလို့ ကျရှုံးကြတဲ့ အကြောင်းရင်း ဆယ်ချက်ကို လူမှုမီဒီယာမှာ ထုတ်ပြန်လာပါတယ်။

ကျရှုံးသူတွေမှာ ၂၀ ရာခိုင်နှုန်းက အဝလွန်တာကြောင့်လို့ ဆိုပါတယ်။ ရှစ်ရာခိုင်နှုန်းကတော့ ဝှေးစေ့ သွေးပြန်ကြော အရွယ်ကြီးမားတာကြောင့်လို့ ဆိုထပါတယ်။

ထိုနေရာရဲ့ သွေးပြန်ကြော အရွယ်အစား ကြီးမားတာကို စစ်အရာရှိတွေ ဘယ်လိုစစ်ဆေးသိရှိတယ်ဆိုတာတော့ သတင်းစာက မဖော်ပြထားပါဘူး။ ဒါပေမယ့် ဒီ သွေးပြန်ကြော အရွယ် ကြီးမားရတဲ့ ပြဿနာဟာ တစ်ကိုယ်ရည်အာသာ ဖြေလွန်းတာရယ်၊ ဗီဒီယိုဂိမ်း အရမ်းဆော့တာရယ်နဲ့ လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတာတွေရယ်ကြောင့် ဖြစ်ရတတ်ပါတယ်။

ထင်သာမြင်သာ ရှိတဲ့ တက်တူးတွေ၊ ဆေးမင်ရုပ် ကြီးကြီးတွေ ထိုးထားသူတွေကိုလည်း စစ်တပ်က လက်မခံသလို အရက်အလွန်သောက်လို့ ဖြစ်တတ်တဲ့ အသည်းကျန်းမာရေး ပြဿနာ ရှိသူတွေကိုခည်းပဲ စစ်တပ်ထဲ အဝင်မခံပါဘူး။

ကျန်းမာရေး စစ်ဆေးချက်တွေမှာ အရည်အချင်းမမှီ ကျဆုံးတာကြောင့် ငြင်းပယ်ခဲ့ရတဲ့ အရေအတွက်ဟာ စစ်ထဲဝင်ဖို့ စာရင်းပေး လျှောက်ထားလာသူတွေရဲ့ တစ်ဝက်ကျော်ကျော် ရှိတယ်လို့ PLA သတင်းစာက ဖော်ပြပါတယ်။

PLA ရဲ့ တပ်သားသစ် ရွေးချယ်စစ်ဆေးတဲ့ သတ်မှတ်စံနှုန်းတွေ မြင့်မားကြောင်း ထုတ်ပြန်လည်း ထားပါတယ်။

"ပေကျင်းရဲ့ စစ်သားစုဆောင်းရေး လုပ်ငန်းစဉ်ဟာ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်ရွေးချယ်နေတာ ဖြစ်ပါတယ်။"လို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly