ရခိုင်တွင် ရ လတာကာလအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှု ၂၅၃ မှု ထိရှိ

ရခိုင်တွင် ရ လတာကာလအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှု ၂၅၃ မှု ထိရှိ

စစ်တွေ၊ သြဂုတ်လ ၂၄ ရက်။      ။ ရခိုင်ပြည်နယ်အတွင်း ယခု ၂၀၁၇ ခုနှစ်၊ နှစ်ဦးကာလမှ ဇူလိုင်လကုန် အထိ ရ လတာ ကာလအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှု ၂၅၃ မှု အထိ ရှိခဲ့ပြီး၊ သေဆုံးသူ ကျား ၆၃ ဦး နှင့် မ ၁၉ ဦး စုစုပေါင်း ၈၂ ဦး ထိရှိကြောင်း ရခိုင်ပြည်နယ် အမှတ်(၅)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှုရုံးမှ သိရသည်။

၂၀၁၆ ခုနှစ် ၊ ပထမ ရ လတာကာလတွင် ယာဉ်တိုက်မှု ၂၅၂ မှုနှင့် သေဆုံးသူ ကျား ၅၉ ဦးနှင့် မ ၁၈ ဦး စုစုပေါင်း ရ၇ ဦးရှိခဲ့ကာ ယခုနှစ်တွင် ယာဉ်တိုက်မှု ၁ မှုနှင့် သေဆုံးသူ ၅ ဦး အထိ တိုးလာခဲ့ခြင်း ဖြစ်သည်။

“အမှုကတော့ မကွာဘူးဖြစ်တာ။ လူအစုလိုက်အပြုံလိုက်ဖြစ်တာနဲ့ တစ်ယောက်ချင်းဖြစ်တာ အဲလိုကွာတာပေါ့။ အဲလိုမျိုး ကားကြီးတွေနဲ့ မတော်တဆမှုတွေဖြစ်ရင် ဒဏ်ရာရသူတွေလည်း များတာပေါ့။ ဆိုင်ကယ် တစ်စီးနဲ့ တစ်စီး တိုက်တယ်ဆိုရင်တော့ လူကတစ်ယောက်မဟုတ်ရင် နှစ်ယောက် အဲ့လောက်ပဲဖြစ်တာ။ ဒီနှစ်ကတော့ တစ်မှုပဲပိုများတယ်။ ဒါပေမယ့် ဒဏ်ရာရတဲ့လူများတယ်။ ဘာလို့လဲဆိုတော့ အဲဒီလို ကားကြီးတွေနဲ့ ဖြစ်တာမှာ ကွာသွားတာ။” အမှတ်(၅)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှုရုံးမှ ဒုရဲမှူးဉာဏ်လင်းက ပြောသည်။

မိမိမောင်းနှင်လာသည့် ယာဉ်အား မဆင်မခြင်မောင်နှင်ခြင်း၊ အရှိန်ပြင်းမောင်းနှင်ခြင်း၊ ယာဉ်မောင်း မကျွမ်းကျင်မှု၊ မူး ယစ်မောင်းနှင်မှု၊ ခရီးသည်ပေါ့ဆမှုနှင့် ခရီးလမ်းမချောမွေ့ခြင်းတို့မှာလည်း ယာဉ်မတော်တဆမှု ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများဖြစ်သည်။

ယင်းယာဉ်မတော်တဆမှုဖြင့် သေဆုံးသူအများစုတို့မှာ အသက် ၁၅ နှစ် အထက်နှင့် ၃၀ နှစ်အောက် အရွယ် လူငယ်များ ပို၍ပါဝင်နေကြောင်း သိရသည်။

ယာဉ်မတော်တဆဖြစ်ပွားမှုများ လျှော့ချရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ လမ်းမကြီး၊ စျေးနှင့် ဆေးရုံကဲ့သို့ လူထူထပ် သော လမ်းမများပေါ်တွင် ယာဉ်ကြောရှင်းလင်းရေးလုပ်ငန်းစဉ်များကို အင်တိုက်အားတိုက် ဆောင်ရွက်လျှက်ရှိပြီး စာသင်ကျောင်းများတွင်လည်း ယာဉ်နှင့်ပတ်သက်၍ ပညာပေးဟောပြောခြင်းများ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း လိုင်စင်မဲ့ယာဉ်များကို အသုံးပြုသူ တစ်နေ့ထက်တစ်နေ့ များပြာလာသောကြောင့် လာမည့်စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ထိထိရောက်ရောက် ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကာ ဖမ်းဆီးရရှိသည့် ယာဉ်ပိုင်ရှင်များအားလည်း တရားမဝင်ကုန်သွယ်မှု ဥပဒေပုဒ်မများဖြင့် အရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly