ရခိုင်တွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် လွတ်လပ်စွာသွားလာခွင့် မရရှိသည့်အပေါ် ကိုဖီအာနန် ထည့်သွင်းအကြံပြု

ရခိုင်တွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် လွတ်လပ်စွာသွားလာခွင့် မရရှိသည့်အပေါ် ကိုဖီအာနန် ထည့်သွင်းအကြံပြု

ရန်ကုန်၊ သြဂုတ် ၂၄ ။            ။ ရခိုင်ပြည်နယ်အတွင်းရှိ မွတ်ဆလင်အသိုင်းအဝိုင်းတို့၏ နိုင်ငံသားစိစစ်ရေးကတ်များ မရှိခြင်းနှင့် လွတ်လပ်စွာ ခရီးသွားလာနိုင်မှု မရှိခြင်းတို့ကြောင့် ၎င်းတို့၏ မကျေနပ်မှုများကိုလည်း ထည့်သွင်း ရေးသားထားကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်က ပြောသည်။

သြဂုတ်လ ၂၃ ရက်နေ့က နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အပြီးသတ်အကြံုပြု အစီရင်ခံစာနှင့် ပတ်သက်ပြီး ယနေ့ သြဂုတ်လ ၂၄ ရက်၊ ရန်ကုန်မြို့၊ ဆူးလေ ရှန်ဂီလာ ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ကိုဖီအာနန်က ထို့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အစီရင်ခံစာတွင် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်၊ အထောက်အထားစာရွက်စာတမ်းကိစ္စရပ်နှင့် လူသားတိုင်း ဥပဒေ၏ ရှေ့မှောက်တွင် အခွင့်အရေးတန်းတူညီမျှ ရပိုင်ခွင့်တို့နှင့် ပတ်သက်သော ကိစ္စရပ်များအား တင်ပြထားခြင်းဖြစ်ကြောင်း ကိုဖီအာနန်က ပြောသည်။

“မွတ်ဆလင်အတိုင်းအဝိုင်းအနေနဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဥပဒေနဲ့ ညီတဲ့ စိုးရိမ်ချက်တွေ ရှိနေပေမယ့် အဲ့ဒီစိုးရိမ်ချက်တွေကို အစိုးရနဲ့ အတူ ပူးပေါင်းဆောင်ရွက် ဖြေရှင်းဖို့ ကျွန်တော်အနေနဲ့ တောင်းဆိုလိုပါတယ်။ နိုင်ငံသားဖြစ်မှုနဲ့ လွတ်လပ်စွာ သွားလာခွင့်ကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ အကြံပြု ချက်တွေကို ရခိုင်ပြည်သူလူထုက စိုးရိမ်နေမှုတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့ ကောင်းစွာသိပါတယ်။ ဒါပေမယ့် ကော်မရှင်အနေနဲ့ အဲ့ဒီလို ထိလွယ်ရှလွယ်တဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ဖို့ ရွေးချယ်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကို ချန်ရစ်ထားခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ အနာဂတ်၊ တကယ်တော့ မြန်မာ တစ် နိုင်ငံလုံးရဲ့ အနာဂတ်ဟာ နောက်ပြန်လှည့်လို့ မရတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ကြံုတွေ့နိုင်မယ်လို့ ကျွန်တော်တို့ အနေနဲ့ ယုံကြည်လို့ ဖြစ်ပါတယ်”ဟု ကိုဖီအာနန်က ပြောသည်။

ထို့ပြင် ပထမဦးဆုံးအနေဖြင့် ရခိုင်ပြည်နယ်၏ မရှိမဖြစ် အခြေခံဝန်ဆောင်မှုများအား အကန့်အသတ်ဖြင့် ရရှိနေမှုအပါအဝင် ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးမှု နိမ့်ကျနေမှုများကို ထည့်သွင်းအကြံပြုထားကြောင်း ကိုဖီအာနန်က ဆိုသည်။

၂ဝ၁၆ ခုနှစ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်ကို စတင်ဖွဲ့စည်းခြင်းမှာ ရခိုင်ပြည်နယ်၏ အခြေအနေမှာ ရှေ့ဆက်မရသည့် အခြေအနေဖြစ် သည်ကို အသိအမှတ်ပြုလိုက်ခြင်းဖြစ်ကြောင်း ကိုဖီအာနန်က ပြောကြားခဲ့သည်။

အဆိုပါ အပြီးသတ်အစီရင်ခံစာတွင် ပါရှိအကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်မှာ မြန်မာ နိုင်ငံရှိ သက်ဆိုင်ရာ ခေါင်းဆောင်များ၊ အဖွဲ့အစည်းများ၊ ပြည်သူများ၊ ပြည်ထောင်စု အစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရ၊ ပြည်ထောင်စုနှင့် ပြည်နယ်အဆင့်ရှိ လွှတ်တော်များ၊ ဘာသာရေးနှင့် လူ့အဖွဲ့အစည်း ခေါင်းဆောင်များ နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူတို့ တာဝန်ဖြစ်ကြောင်း ကိုဖီအာနန်က အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly