ကျပ် ၅ဝ ဘီလီယံ အသုံးပြုပြီး ရန်ကုန်မြို့ပတ်ရထားလမ်းများ အဆင့်မြှင့်တော့မည်

ကျပ် ၅ဝ ဘီလီယံ အသုံးပြုပြီး ရန်ကုန်မြို့ပတ်ရထားလမ်းများ အဆင့်မြှင့်တော့မည်

ရန်ကုန်၊ သြဂုတ်လ ၂၄ ။            ။ သက်တမ်း ၅၈ နှစ်ရှိပြီးဖြစ်သော ရန်ကုန်မြို့ပတ်မီးရထားလမ်းများအား နိုင်ငံတော်ဘတ်ဂျက် ကျပ် ၅ဝ ဘီလီယံ ခန့် အသုံးပြုပြီး အဆင့်မြှင့်တင်မှုများ   ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦး က မဇ္စျိမသို့ ပြောသည်။

နိုင်ငံတော်ဘတ်ဂျက်ဖြင့် ရန်ကုန်မြို့ပတ်မီးရထားလမ်းအဆင့်မြှင့်တင်မှုလုပ်ငန်းကို လာမည့် အောက်တိုဘာလဆန်းမှ စတင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့အရှေ့ဘက်ခြမ်းရှိ ရထားလမ်းများ၊ ရန်ကုန်အနောက်ပိုင်းခြမ်းရှိ ရထားလမ်းကို ၂ နှစ်စီမံကိန်းဖြင့် လုပ်ဆောင်သွားမည်ဖြစ်သည်။

ထို့ပြင် ရထားလမ်းများသာမက မြန်မာ့မီးရထားမှ မီးရထားတွဲသစ်များ ၀ယ်ယူခြင်း၊ မီးရထားအချက်ပြ စနစ် ပြောင်းလဲခြင်းများ ပါ၀င်သည်ဟု သိရပြီး ယင်းအတွက် ဂျပန်ချေးငွေဖြင့် သီးသန့်ဆောင်ရွက်မည်ဖြစ်သည်။

“ အဓိက အဆင့်မြှင့်တင်မယ့် လုပ်ငန်းက ၃ ခုရှိတာပေါ့။ ကျွန်တော်တို့ ရန်ကုန်မြို့ပြက ရထား အချက်ပြစနစ် ပေါ့နော်။ အချက်ပြစနစ်က အားလုံးကို အသစ်ပြန်လုပ်မယ်။ ဒီအချက်ပြစနစ်ကအသုံးပြုခဲ့တာ အနှစ် ၂ဝ ကျော် ရှိ သွားပြီကိုး” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။

“ နောက်တစ်ခုကတော့ အဲ့ဒီမှာရှိတဲ့ ရထားတွဲတွေပေါ့။ တွဲတွေ၊ စက်ခေါင်းတွေက နှစ် ၃ဝ ကျော် နေပြီ ဖြစ်တဲ့အတွက် သက်တမ်းကုန်နေပြီ။ ဒါကြောင့် အသစ်ဝယ်မယ်။ အခုပြေးနေတဲ့ ဂျပန်က ဝယ်တဲ့ ပုံစံမျိုး တွေ အသစ်ဝယ်ဖို့ရှိတယ်။ နောက်တစ်ခုက သံလမ်းတွေ၊ ကျောက်တွေ၊ ပလက်ဖောင်းတွေ၊ ရေမြောင်းတွေကို ပြန်ပြီး ပြုပြင်မှုတွေလုပ်မယ်။ အဲ့ဒီအပိုင်းတွေကိုတော့ ကျွန်တော်တို့က နိုင်ငံတော်ဘတ်ဂျက်နဲ့လုပ်မယ်။ အ ချက်ပြစနစ်နဲ့ ရထားအတွဲသစ်တွေကတော့ ဂျပန်ချေးငွေနဲ့ လုပ်မှာပါ ” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့အတွင်း မြို့ပတ်မီးရထားများအား အစီးရေ ၂၂ စီးခန့်၊ အတွဲပေါင်း ၈ဝ ကျော်ဖြင့် နေ့စဉ် အခေါက်ရေ ၂၁ဝ ကျော်ပြေးဆွဲပေးနေပြီး တစ်ရက်လျှင် ခရီးသည် ဦးရေ ကိုးသောင်းနီးပါး ခန့်စီးနင်းနေသည်။

ထို့ကြောင့် ရထားလမ်းအဆင့်မြှင့်တင်မှု ပြီးစီးပါက နေ့စဉ် ခရီးသည်ဦးရေ ၃ ဆထိ တိုးမြှင့်ပို့ဆောင် ပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။

“ အဆင့်မြှင့်တင်မှုလုပ်နေတဲ့ အချိန်မှာ ခရီးသည်တွေ အဆင်ပြေစေဖို့အတွက် ရထားလမ်းက တစ်ချို့နေရာ တွေမှာ အသွားလမ်း၊ အပြန်လမ်းဆိုပြီး ၂ လမ်းရှိတာဆိုတော့ တစ်လမ်းကို အပိုင်းလိုက် ပိတ်ရမှာပေါ့။ ပိတ်တဲ့ အချိန်မှာတော့ အဲ့ဒီလမ်းပိုင်းမှာ ရထားအဆိုင်း နည်းသွားမယ်။ ဒါပေမယ့် ရုံးဆင်း၊ ရုံးတက်ချိန်မှာ ရန်ကုန်ဘူ တာကြီးကို ဦးတည်ပြီးတော့ မနက်ပိုင်းဆိုရင် ရထားစီးရေက ၂၂ စီးလောက်ရှိတယ်။ အဲ့ဒါတွေတော့ မထိခိုက် အောင် ကျွန်တော်တို့ စီစဉ်ထားတယ်။ ကျန်တဲ့ လူနည်းတဲ့ အချိန် တွေမှာတော့ အခေါက်ရေတွေ လျော့သွား နိုင်တယ်။ ဒါပေမယ့် ရုံးဆင်း၊ ရုံးတက် ရထားတွေကိုတော့ မထိခိုက်အောင် အစီအစဉ်ပြန်ဆွဲထားပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက မဇ္စျိမသို့ ပြောသည်။

၂ဝ၁၆ - ၁၇ ခုနှစ်အတွင်း ရန်ကုန်မြို့ပတ်မီးရထားများတွင် ခရီးသည်စီးနင်းလိုက်ပါမှုမှာ ၂၈ သန်းကျော်ရှိပြီး အဆိုပါ ရန်ကုန်မြို့ပတ်ရထားလမ်းကို ၁၉၅၉ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ဖောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ၅၈ နှစ် သက်တမ်းရှိပြီဖြစ်သည်။

အဆိုပါ ရန်ကုန်မြို့ပတ်ရထားလမ်းများ အဆင့်မြှင့်တင်မှုနှင့် ပတ်သက်၍လည်း မြန်မာ့မီးရထားမှ တာဝန်ရှိသူ များက လာမည့် မနက်ဖြန် သြဂုတ်လ ၂၅ ရက် နေ့၊ နေ့လည် ၁ နာရီတွင် သတင်းစာရှင်းလင်း ပွဲပြုလုပ်သွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly