တနိုင်းမှ ၃ နှစ်ခွဲအရွယ် မိန်းကလေးငယ် အဓမ္မပြုကျင့်ခံရမှု၌ တရားခံကို ဖမ်းဆီး တရားစွဲဆိုထား

တနိုင်းမှ ၃ နှစ်ခွဲအရွယ် မိန်းကလေးငယ် အဓမ္မပြုကျင့်ခံရမှု၌ တရားခံကို ဖမ်းဆီး တရားစွဲဆိုထား

ချင်းမိုင်၊သြဂုတ်လ ၂၄ ။          ။ ကချင်ပြည်နယ် ၊ တနိုင်းမြို့နယ် …….ကျေးရွာနေ အသက် ၃ နှစ်ခွဲအရွယ် မိန်းကလေးငယ်အား ပထွေးဖြစ်သူ ဦးမင်းမင်းက အဓမ္မပြုကျင့်ခဲ့သဖြင့် တရားခံအား ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ ဖြင့် တရားစွဲဆိုလိုက်သည်ဟု အထက်တန်းရှေ့နေ ဆာလီထွေက ပြောသည်။

အဓမ္မပြုကျင့်သူ ပထွေး ဦးမင်းမင်းသည် မိန်းကလေးငယ်အမေ၏ နောက်အိမ်ထောင်ဖြစ်ပြီး သူ့အား မုဒိမ်းမှုနှင့် အသက်မပြည့်သူကို ကြံစည်မှု ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ ဖြင့် တရားစွဲလိုက်ပြီး ရက်သတ္တပတ် ၂ ပတ်ကြာ လာမည့် စက်တင်ဘာလပိုင်းတွင် တနိုင်းမြို့နယ် တရားရုံးတွင် စစ်ဆေးသွားမည် ဖြစ်သည်။

“ကလေးကိုကြတော့ ဆရာဝန်နဲ့ ပြပြီးတော့ ဆေးစစ်မှုတွေ လုပ်ထားတယ်။ တရားခံကိုကြတော့ ဖမ်းဆီးပြီး တော့ ဥပဒေအကြံတောင်းထားပြီးပြီ။ တရားရုံးရဲ့ ချုပ်မိန့်နဲ့ ရမန်နဲ့ ချုပ်ထားပါပြီ။ ဦးမင်းမင်းက အခု အချုပ်ထဲမှာ။ သူ့ကို ၁၈ ရက်နေ့က ဖမ်းဆီးလိုက်တာ။ သူ့ကို ၃၇၆/၅၁၁ နဲ့ စွဲထားတာ ဟုတ်တယ်။ ၃၇၆ က မုဒိမ်းမှုပေါ့နော်။ ၅၁၁ က အသက်မပြည့်သူ ကြံစည်မှုပေါ့” ဟု သူက ပြောသည်။

အဓမ္မပြုကျင့်သူ ပထွေး ဦးမင်းမင်းအား ကလေး၏ မိခင်က သြဂုတ်လ ၁၈ ရက်နေ့က တနိုင်းမြို့မ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ပြီးနောက် ယင်းနေ့တွင် တရားခံအား တနိုင်းမြို့မရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားလိုက် ပြီ ဖြစ်သည်ဟု ရှေ့နေဆာလီထွေက ပြောသည်။

နောက်နောင် ယခုကဲ့သို့ မဖြစ်ပွားစေရန် ကလေးဘက်မှ ထိခိုက်နစ်နာမှုအတွက် ဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် ကူညီဆောင်ရွက်ပေးခြင်း ဖြစ်ပြီး ယခုဖြစ်ပွားမှုသည် အမျိုးသမီးများအပေါ် ခြိမ်းခြောက်နေ ခြင်းဖြစ်၍ တရားဥပဒေအရ အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ဒါက အမျိုးသမီးထုကို ချိန်းခြောက်တာနဲ့ ဆိုင်တယ်။ တရားဥပဒေကို စိန်ခေါ်တာလည်း ဖြစ်နေတယ်။ ပြီးရင် ဒီလို အမှုကိစ္စက လုံးဝ မဖြစ်သင့်ဘူးလေ။ ကလေးက အရွယ်တောင် မရောက်သေးဘူး။ အရွယ်မရောက် သေးတဲ့ ကလေးကို အခုလို လုပ်တာက လူသားမဆန်တာပေါ့နော်။ ဒီပတ်ဝန်းကျင်မှာ။ အဲကြောင့် သူတို့ကို ထိထိရောက်ရောက် ပြစ်ဒဏ်ပေးနိုင်အောင်တော့ ကျွန်မတို့ အတတ်နိုင်ဆုံး ဆောင်ရွက်သွားမှာပါ”ဟု သူက ပြောသည်။

 သြဂုတ်လ ၁၄ ရက်နေ့က မမေရီကို ပထွေးဖြစ်သူ ဦးမင်းမင်းနှင့် ထားခဲ့ပြီး ကုန်စုံုဆိုင်သို့ မီးခြစ်သွားဝယ်ရာမှ ပြန်လာချိန်တွင် သိရှိရခြင်းဖြစ်ပြီး ကျေးရွာရှိ မူကြို ကျောင်းဆရာမများနှင့် အိမ်နီးနားချင်းများကို ကလေးငယ်၏ မိန်းမကိုယ် ကြည့်ရှုစေခဲ့သဖြင့် ဆရာဝန်နှင့် ပြသခဲ့ကြောင်း ရှေ့နေဆာရီထွေက ပြောသည်။

အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ အမျိုးသမီးအရေးဆောင်ရွက်နေသော ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ထွယ်အမျိုးသမီးများနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် ကချင်အမျိုးသမီးသမဂ္ဂ(KWU) တို့ကလည်း သြဂုတ်လ ၁၈ ရက်နေ့က တနိုင်းမြို့နယ် အောင်စိုးမိုး ကျေးရွာသို့ သွားရောက်ကာ မိန်းကလေး၏ မိသားစုများနှင့် တွေ့ဆုံ၍ အခင်းဖြစ်ပွားသည့် နေရာများကို မေးမြန်းကြည့်ရှုမှုများ ပြုလုပ်ပြီးနောက် ကျူးလွန်သူ ဦးမင်းမင်းအား အရေးယူဆောင်ရွက်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့သည်ဟု အမှုကို ကူညီဆောင်ရွက်ပေးနေသူ KWU မှ ဒေါ်နန်မိုင်က ပြောသည်။

“ကျွန်မတို့ တနိုင်းကို တက်သွားပြီး အခြေအနေ အသေးစိတ်ကို မေးမြန်းကြည့်ရှုပြီးတော့ တနိုင်းရဲစခန်းမှာ အမှုဖွင့်တယ်။ ဆေးစစ်တာတွေလည်း ကျွန်မတို့ အကုန်လုံး လုပ်ပေးခဲ့တယ်။ အမှုဖွင့်ထားပြီ တရားရုံးကလည်း လက်ခံထားပြီဆိုတော့ ကျွန်မတို့က သူ့ကို အပြစ်ပေးတဲ့အထိ ဆက်လုပ်သွားမယ်”ဟု ပြောသည်။

မိန်းကလေးငယ်ဘက်မှ လိုအပ်သည့် အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း KWU ၏ တာဝန်ခံ ဒေါ်ခေါန်နန်ကလည်း “အခုလို အသက်မပြည့်တဲ့ ကလေးငယ်ကို ဒီလို လုပ်တယ်ဆိုတာ လူစိတ်မရှိတဲ့လူပဲ။  လူသားမဆန်ဘူး။ ကလေးရဲ့ ရှေ့ရေးမှာ ထိခိုက်သွားနိုင်တယ်။ ဒါကြောင့် ကျွန်မတို့ ဒီအမှု ပြီးဆုံးတဲ့အထိ ကူညီသွားဖို့ လိုအပ်တာတွေကို အစိုးရဌာနတွေကိုလည်း အကူအညီတောင်းထားပါတယ်”ဟု သူက ပြောသည်။

အဆိုပါ ကျူးလွန်သူ ဦးမင်းမင်းသည် ယခင်ကလည်း ယခုကဲ့သို့ နှစ်ကြိမ် ပြုလုပ်ခဲ့ဖူးသဖြင့် ကလေးငယ်မိခင်က သြဂုတ်လ ၁၇ ရက်နေ့က ဒူးကောင်းအုပ်ချုပ်ရေးမှူးရုံးတွင် ကွာရှင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly