ဝါစိမ်းနီ YBS ရ ယာဉ်လိုင်းတွင် အလိုအလျောက် ကားမှတ်တိုင် ကြေညာပေးသည့်စနစ် တပ်ဆင်ပြီးစီး

ဝါစိမ်းနီ YBS ရ ယာဉ်လိုင်းတွင် အလိုအလျောက် ကားမှတ်တိုင် ကြေညာပေးသည့်စနစ် တပ်ဆင်ပြီးစီး

ရန်ကုန်၊ သြဂုတ်လ ၂၃ ။                  ။ အလိုအလျောက် မှတ်တိုင်ကြေညာပေးသည့်စနစ်အား ဝါစိမ်းနီ YBS ရ ယာဉ်လိုင်းတွင် တပ်ဆင်ပြီးစီးနေပြီ ဖြစ်ကြောင်း ရန်ကုန် မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ (YUPT) မှ ဒုတိယ ဥက္ကဋ္ဌ ဦးကိုကိုနိုင်က မဇ္စျိမသို့ အတည်ပြုပြောသည်။

သင်္ကန်းကျွန်းကားကြီးဂိတ်မှ ဆူးလေအထိပြေးဆွဲနေသည့် ဝါစိမ်းနီ YBS ရ ယာဉ်လိုင်းတွင် ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်ကာ အလိုအလျောက်မှတ်တိုင်များ ကြေညာပေးသည့်စနစ်ကို စမ်းသပ်ခဲ့ခြင်း ဖြစ်ပြီး ခရီးသွားပြည်သူများအနေဖြင့် YBS ဘတ်စ်ကား အတက်အဆင်း အဆင်ပြေစေရန် ဖြစ်သည်ဟု သိရသည်။

ဝါစိမ်းနီ YBS ရ ယာဉ်လိုင်းတွင် သာမက အခြား YUPT ကုမ္ပဏီပိုင် YBS ယာဉ်လိုင်းများတွင်လည်း ယင်းစနစ် တပ်ဆင်သွားရန် ရှိပြီး မှတ်တိုင်အရေအတွက်နှင့် အကွာအဝေး ကောက်ယူနေကြောင်း သိရသည်။ အလိုအလျောက် မှတ်တိုင်ကြေညာပေးသည့်စနစ်ကို LED စာတမ်းအပါအဝင် အသံစနစ်များထည့်သွင်းကာ GPS ဖြင့် ချိတ်ဆက်ထားကြောင်း သိရသည်။

“ YBS ရ က ဝါစိမ်းနီလိုင်း တစ်လိုင်းလုံးက အဲ့ဒီစနစ်ကို ထည့်ထားပြီးပြီ။ ထည့်ထားပြီးပြီဆိုတော့ အသံစနစ်က နည်းနည်းလေးလိုနေတယ်။ နည်းနည်းလိုတယ်ဆိုတာက အသံက နည်းနည်းတိုးနေတယ်။ တိုးနေတဲ့ဟာကို ပြန်ချဲ့နေတာတွေ ထပ်လုပ်နေတယ်။ ရ လိုင်းကတော့ အောင်မြင်သွားပြီ။ ကျန်တဲ့လိုင်းတွေ လုပ်ဖို့ပဲ ရှိတော့ တယ်။ ဒီလိုတပ်ဆင်လိုက်တဲ့အတွက် ခရီးသည်တွေအနေနဲ့ စပယ်ယာမပါတဲ့ ဒုက္ခကနေ အားလုံးကင်းသွား တာပေါ့”ဟု ဦးကိုကိုနိုင်က ပြောသည်။

အဆိုပါ တပ်ဆင်ထားသော အလိုအလျောက်မှတ်တိုင်များ ကြေညာပေးသည့်စနစ်တွင် ရောက်ရှိမည့် ကားမှတ်တိုင်အမည်အား ကြိုတင် ကြေညာပေးခြင်း၊ တံခါးအဖွင့်၊ အပိတ်ကြေညာသံများလည်း ထည့်သွင်း ထားသည်။

YUPT ကုမ္ပဏီမှာ ရန်ကုန် တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ဘတ်စ်ကားသစ် အစီးရေ ၅ဝဝ ရရှိထား ပြီး ယာဉ်လိုင်းနံပါတ် ၆၅၊ ၅၈ ၊ ၃၆ ၊ ၂၈၊ ၂၄ စသည့်ယာဉ်လိုင်းများ အပါအဝင် ယာဉ်လိုင်းပေါင်း ၂၁ လိုင်း အားပြေးဆွဲနေခြင်းဖြစ်ကာ ယခင် မ.ထ.သ မှ အများပိုင်ကုမ္ပဏီသို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly