မလေးရှား-မြန်မာဘောလုံးပွဲစဉ်အပြီး မြန်မာပရိသတ်အချို့ ရိုက်နှက်ခံရပြီး တစ်ဦး အရေးပေါ်တွင် ကုသနေရ

မလေးရှား-မြန်မာဘောလုံးပွဲစဉ်အပြီး မြန်မာပရိသတ်အချို့ ရိုက်နှက်ခံရပြီး တစ်ဦး အရေးပေါ်တွင် ကုသနေရ
လူနာ မောင်မျိုးအား ဆေးရုံသို့ သွားရောက်တွေ့ဆုံကြစဉ်ဓာတ်ပုံ-နှလုံးလှ ပရဟိတ အဖွ့ဲ

သြဂုတ် ၂၂ ။            ။ ယမန်နေ့ သြဂုတ်လ ၂၂ရက် ညက မလေးရှား-မြန်မာဘောလုံးပွဲအပြီး မြန်မာပရိသတ်အချို့ ရိုက်နှက်ခံရပြီး လုယက်ခံရမှုများရှိ၍ တစ်ဦးမှာ အရေးပေါ်တွင် တက်ရောက်ကုသနေရကြောင်း နှလုံးလှ မြန်မာလူမှုကူညီရေး အဖွဲ့မှ သိရသည်။

မလေးရှား-မြန်မာ အုပ်စုနောက်ဆုံးပွဲစဉ်အပြီး Shah Alam ဘောလုံးကွင်းမှ အထွက်တွင် ကိုမင်းစိုးဆိုသူ ရိုက်နှက်ခံရခြင်းဖြစ်ပြီး Shah Alam ဆေးရုံကြီးအရေးပေါ်၌ ဦးခေါင်းကွဲ မေးရိုးကွဲ ဒဏ်ရာများဖြင့် တက်ရောက်ကုသနေရသည်။ အဆိုပါ ရိုက်နှက်ခံရသော ကိုမင်းစိုး၏ ဓာတ်ပုံများမှာ ယမန်နေ့ညကတည်းက လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည်။

နောက်တစ်ဦးမှာလည်း အရိုက်နှက်ခံရပြီး ဦးခေါင်း ၊ မျက်နှာ၊လက် ၊ ခြေထောက်များတွင် ဒဏ်ရာရရှိခဲ့ပြီး ယင်းဆေးရုံကြီး၌ ကုသနေသည်။ အခြား မြန်မာပရိသတ်အချို့လည်း ရိုက်နှက်ခံရပြီး ပရဟိတ စုပေါင်းကူညီရေး အဖွဲ့ထဲမှ နှလုံးလှ အဖွဲ့ဝင်များ ဖြစ်သော မောင်ရဲမိုးအောင် နှင့် မောင်ဝဏ္ဏ တို့ နှစ်ဦးတို့လည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရိုက်နှက်ခံရမှု၊ လုယက်မှုအပါအဝင်  ရ ခုရှိခဲ့ပြီး မလေးရှားရောက်မြန်မာများဖြင့် ဖွဲ့စည်းထားသော နှလုံးလှပရဟိတလူမှုကူညီရေးအသင်းမှ  ဆေးရုံရှားအလမ်းရှိ ဒဏ်ရာရလူနာများသို့ လိုအပ်သည်များ သွားရောက်လုပ်ဆောင်ပေးခဲ့သည်ဟု ယနေ့ သြဂုတ်လ ၂၂ ရက်တွင် ယင်းအဖွဲ့ပေ့ချ်မှ ဖော်ပြထားသည်။

ယမန်နေ့ ဘောလုံးပွဲတွင် မြန်မာပရိသတ်များအတွက်လိုအပ်သော အကူညီများရှိပါက ဖွဲ့စည်းထားသော မြန်မာလူမှုအသင်းအဖွဲ့များ နှင့် လုပ်အားပေးများက ကူညီပေးခဲ့ကြပြီး ပွဲအပြီးတွင် ယင်းသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါပွဲစဉ်တွင် မလေးရှားအသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိကာ မြန်မာအသင်းနှင့်အတူ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။

အဆိုပါဖြစ်စဉ်များအပြီး ဘောလုံးပွဲပြန်ရန် အခက်အခဲဖြစ်သူများအား Bus ကားငှားပြီး နလုံးလှ ပရဟိတ ရုံးခန်းကေအယ်သို့ ခေါ်ဆောင်သွားခဲ့သည်ဟု ယင်းအဖွဲ့၏ Lovely Heart  အမည်ရှိ https://www.facebook.com/lovely.heart.75436 ပေ့ချ်တွင် ဖော်ပြထားသည်။ အဆိုပါအသင်းမှာ မလေးရှားရောက် မြန်မာများဖြင့်ဖွဲ့စည်းထားသော  နှလုံးလှ ပရဟိလူငယ်များသွေးလှူရှင်များအဖွဲ့ (ကွာလာလမ်ပူ) လူမှုရေးပရဟိတအသင်းဖြစ်ပြီး မြန်မာပရိသတ်များအတွက် Sea Game 2017 ဖွဲ့စည်းကာ ဗော်လန်တီယာအဖြစ် ကူညီဆောင်ရွက်ပေးနေသော အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly