မြန်မာနှင့်ဂျပန် ရုပ်သေးပညာ နှီးနှောဖလှယ်မည်

မြန်မာနှင့်ဂျပန် ရုပ်သေးပညာ နှီးနှောဖလှယ်မည်

သြဂုတ် ၁၁ ။        ။ မြန်မာ့ရုပ်သေးပညာရှင်များနှင့် ဂျပန် Bunraku ရုပ်သေးပညာရှင်များ ပညာဖလှယ်ပွဲတစ်ရပ်ကို သြဂုတ်လ ၁၈ ရက်နေ့တွင် ကျင်းပမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး မှဒေါ်ဘရဏီထွန်းက မဇ္ဈိမကို ပြောကြားသည်။

Bunraku နှင့် မြန်မာ့ ရုပ်သေးသဘင်တို့၏ သမိုင်းကြောင်း၊ အတတ်ပညာတို့ကို Lecture ပုံစံဖြင့် နှစ်ဖက် ဖလှယ်ကြမည်ဖြစ်ပြီး ဇာတ်လမ်းတိုများကိုလည်း ဖျော်ဖြေတင်ဆက်မည်ဟု ၎င်းကဆိုသည်။

ဂျပန်နိုင်ငံ Bunraku အသင်းမှ အနုပညာရှင် (၆) ဦး၊ မြန်မာနိုင်ငံမန္တလေးရုပ်သေးသဘင်မှ အနုပညာရှင် (၁၀) ဦး အသီးသီး ပါဝင်ကြမည်ဖြစ်သည်။

စိတ်ဝင်စားသူများအနေဖြင့် ဝင်ကြေးအခမဲ့ဖြင့် အမှတ် (၁၃၁) ချင်းချောင်းနန်းတော်၊ ကမ္ဘာအေး ဘုရားလမ်း၊ ကမ္ဘောဇ ဇာတ်ရုံငယ်သို့ သွားရောက်လေ့လာနိုင်ကြသည်။

ကမ္ဘောဇ ဇာတ်ရုံငယ်၌ ကျင်းပမည့် "Bunraku နှင့် မြန်မာရုပ်သေးတို့၏ မြန်မာ-ဂျပန် ရုပ်သေး ဇာတ်သဘင် ပညာဖလှယ်ပွဲ" ကို နေ့လယ် ၁နာရီခွဲမှ ၃နာရီခွဲထိ တစ်ကြိမ်၊ ညနေ ၅နာရီခွဲမှ ၈ နာရီထိ တစ်ကြိမ် ကျင်းပမည်ဖြစ်ပြီး နှစ်ကြိမ်စလုံး အကြောင်းအရာတူသာ တင်ဆက်မည်ဟု ဂျပန်သံရုံးက ထုတ်ပြန်ထားသည်။

ယင်းပညာဖလှယ်ပွဲကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ Japan Foundation၊ ဘန်ကောက် ဂျပန်ယဉ်ကျေးမှုစင်တာ၊ မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံရုပ်စုံသဘင်အသင်း တို့ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly