ဒေသတွင်း တင်းမာမှုပိုဖြစ်စေနိုင်လို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ မလုပ်တော့ဖို့ အမေရိကန်နဲ့တောင်ကိုရီးယားတို့ကို တရုတ် တိုက်တွန်း

ဒေသတွင်း တင်းမာမှုပိုဖြစ်စေနိုင်လို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ မလုပ်တော့ဖို့ အမေရိကန်နဲ့တောင်ကိုရီးယားတို့ကို တရုတ် တိုက်တွန်း

သြဂုတ် ၂၁ ။          ။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့အနေနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို နှစ်စဉ်ပြုလုပ်နေကျဖြစ်ပေမယ့်လည်း ယခုလို မြောက်ကိုရီးယားနဲ့ တင်းမာနေတဲ့ကာလမျိုးမှာ မလုပ်ဘဲ ရပ်ဆိုင်းထားသင့်တယ်ဆိုပြီး တရုတ်အစိုးရက သြဂုတ် ၂၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

" လက်ရှိ ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်နေတဲ့ အခြေအနေက တော်တော်လေးကို အထိမခံပဲ ထိလွယ်ရှလွယ်အနေအထားပါ၊ ဒီလိုအချိန်မှာ တင်းမာမှုတွေကို ပြေလျော့စေဖို့အတွက် တောင်ကိုရီးယားနဲ့ အမေရိကန်တို့အနေနဲ့ ပူးပေါင်းအားထုတ်ပေးဖို့ လိုပါတယ်" ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သွားပါတယ်။

" ခုလို ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလုပ်လို့ လက်ရှိ တင်းမာမှုတွေကို ပြေလျော့သွားစေနိုင်မယ့် အကြောင်းတော့မမြင်ပါဘူး၊ ဒါကြောင့် သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ဒါကို ရပ်ဆိုင်းထားပေးပါလို့   တောင်းဆိုချင်ပါတယ်" ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချွန်ယင်က ပြောသွားပါတယ်။

တစ်ချိန်တည်းမှာပဲ နျူကလီးယားအကျပ်အတည်းပြဿနာကို ဖြေရှင်းဖို့ ကာလကြာရပ်ဆိုင်းထားခဲ့တဲ့ ခြောက်နိုင်ငံဆွေးနွေးပွဲတွေ ပြန်စဖို့ကိုလည်း ပေကျင်းအာဏာပိုင်တွေက အဆိုပြုသွားပါတယ်။

ယခုလက်ရှိအချိန်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာတို့ဟာ Ulchi Freedom Guardian အမည်ရ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေမှာ ပါ၀င်လုပ်ဆောင်နေလျက်ရှိပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags