ရန်ကုန်၊သြဂုတ်၂၁ ။ ။ အန္တရာယ်ရှိအဆောက်အဦးအဖြစ် သတ်မှတ်ခံထားရသည့် သီရီမင်္ဂလာစျေးဟောင်းအား မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည့် ကိစ္စနှင့် ပတ်သတ်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ယနေ့သြဂုတ်(၂၁)ရက်၌ ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက ပြောသည်။
"လွှတ်တော်ဥက္ကဌကြီးနဲ့တွေ့ပြီးတော့ လွှတ်တော်ဥက္ကဌကြီး စီစဉ်တဲ့ဟာကို အခုသွားမှသိရမယ်"ဟု ဦးခင်ဝင်းကဆိုသည်။
အဆိုပါ သီရီမင်္ဂလာစျေးဟောင်းကို မည်သို့ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများကို ခေါ်ယူကာဖြေရှင်းပေးရန် လွှတ်တော်တွင် ဦးခင်ဝင်းက တင်သွင်းခဲ့သည်။
ထို့ကြောင့် အဆိုပါ ရလာဒ်ကို ယနေ့သြဂုတ်(၂၁)ရက် ညနေပိုင်းတွင် သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ သီရီမင်္ဂလာစျေးဟောင်းရှိ ယာဉ်ရောင်းဝယ်ရေးစခန်းမှ လူများကို ကိုယ့်အစီစဉ်ဖြင့်ကိုယ် ပြောင်းရွေ့ကြရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး အခွန်ဌာနက သြဂုတ်(၁၆)ရက်နေ့တွင် ကြေငြာထားသည်။
လက်ရှိအချိန်တွင်သီရီမင်္ဂလာစျေးဟောင်းရှိ ကားပွဲစားတန်းတွင် ကားအစီးရေ(၆၀၀)ခန့်ရှိနေသည်။
၁၉၉၆ခုနှစ်တွင်တည်ဆောက်ခဲ့သော သီရီမင်္ဂလာစျေးဟောင်းသည် ယခုနှစ်တွင်(၂၁)နှစ်ရှိခဲ့ပြီဖြစ်ပြီး ယခင်က ကုန်စိမ်း၊ ကုန်ခြောက်၊ အထည်ဆိုင်၊ စားသောက်ဆိုင်၊ ကုမ္ပဏီရုံးခန်း စသည်ဖြင့် အသုံးပြုခဲ့သည်။ လက်ရှိသီရီမင်္ဂလာစျေးသစ်သည် လှိုင်မြို့နယ်တွင်တည်ရှိသည်။