ဒူးဒဏ်ရာကြောင့် ဆွာရက်ဇ် တစ်လခန့် အနားယူရမည်

ဒူးဒဏ်ရာကြောင့် ဆွာရက်ဇ် တစ်လခန့် အနားယူရမည်
(ဓာတ်ပုံ - အေအက်ဖ်ပီ)

ဗုဒ္ဓဟူးနေ့က ဘာစီလိုနာအသင်းက ရီးယဲလ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ စပိန်စူပါဖလားပွဲစဉ်မှာ တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ညာဘက် ဒူးဒဏ်ရာ ရရှိခဲ့ပြီးနောက် ကစားသမားဟာ တစ်လခန့် အနားယူရမှာဖြစ်တယ်လို့ သိရပါတယ်။

ဆွာရက်ဇ်ရဲ့ ဒဏ်ရာနှင့် ပတ်သက်လို့ ဘာစီလိုနာအသင်းနှင့် ဥရုဂွေးဘောလုံးအဖွဲ့ချုပ်တို့က ကြာသပတေးနေ့က သတင်းထုတ်ပြန်ခဲ့ပြီး တိုက်စစ်ကစားသမားဟာ လာမယ့် လာလီဂါအဖွင့်ပွဲစဉ် ဘက်တစ်နှင့် ပွဲကို လွဲချော်မှာဖြစ်သလို သြဂုတ် ၂၆ ရက်နေ့မှာ အာဂျင်တီးနားနှင့် စက်တင်ဘာ ၅ ရက်မှာ ပါရာဂွေးတို့နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေကိုလည်း လွဲချော်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဆွာရက်ဇ်ဟာ ယခုဒဏ်ရာကြောင့် လာလီဂါရာသီအစ ပွဲစဉ်များဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ဘက်တစ် (အိမ်)၊ သြဂုတ် ၂၆ မှာ အလာဗတ်စ် (အဝေး)၊ စက်တင်ဘာ ၉ ရက်မှာ အက်စ်ပန်ညို (အိမ်)တို့နှင့် ကစားမယ့်ပွဲများကို လွဲချော်ဖို့ ရှိပြီး စက်တင်ဘာလလယ်မှာ ကစားမယ့် ဂီတာဖေးနဲ့ ပွဲမှာ ကစားနိုင်ဖွယ်ရှိပါတယ်။

ဒါ့အပြင် ဘာစီလိုနာအသင်း နောက်ခံလူ ပီကေးမှာလည်း ပေါင်ခြံဒဏ်ရာကြောင့် ယခုအပတ် တနင်္ဂနွေနေ့မှာ ဘက်တစ်နှင့်ကစားမယ့် လာလီဂါအဖွင့်ပွဲကို လွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဘာစီလိုအသင်းဟာ ဒီနွေရာသီမှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ နေမာကို လက်လွှတ်ရပြီးနောက် ယခုရာသီအစမှာ ရလဒ်ဆိုးများနှင့် ရုန်းကန်နေရချိန်မှာ ယခုလို အဓိကကစားသမားတွေ ဒဏ်ရာရရှိမှုတွေက နောက်ထပ် သတင်းဆိုးတွေပဲဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags