ပါးရိုက်သည်ဟု စွပ်စွဲခြင်းကို ပါတီနှင့်တိုင်ပင်၍ ဆုံးဖြတ်သွားမည်ဟု ကော့မှူးလွှတ်တော်ကိုယ်စားလှယ်ပြော

ပါးရိုက်သည်ဟု စွပ်စွဲခြင်းကို ပါတီနှင့်တိုင်ပင်၍ ဆုံးဖြတ်သွားမည်ဟု ကော့မှူးလွှတ်တော်ကိုယ်စားလှယ်ပြော

ရန်ကုန်   သြဂုတ်   ၁၈ ။               ။ လွှတ်တော်ကိုယ်စားလှယ်က လူမှုကွန်ယက်တွင် တိုးဂိတ်ဝန်ထမ်းကို ပါးရိုက်သည်ဟု ဖော်ပြခဲ့ခြင်းမှာ စွပ်စွဲခံရခြင်းဖြစ်ပြီး၊ ယင်းကိစ္စကို ပါတီလူကြီးများနှင့်တိုင်ပင်၍ တရားစွဲသင့်၊ မသင့် ဆုံးဖြတ်သွားမည် ဖြစ်သည်ဟု ကော့မှူးပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းက မဇ္ဈိမသို့ ပြောသည်။

"ပြန်ပြီး တရားစွဲဖို့၊ အရေးယူဖို့ကိစ္စတွေကတော့ ကျွန်တော် ပါတီက လူကြီးတွေ တင်ပြပြီး ဆုံးဖြတ်သွားမယ်။ ဒါက ဖြစ်တော့မဖြစ်သင့်ဘူးလေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်၊ ပါတီကို ထိခိုက်လာတာ။  လောလောဆယ် ကျွန်တော် နေပြည်တော်ရောက်နေတာ ပြန်လာမှ လုပ်ရမှာပေါ့" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက တိုးဂိတ်ဝန်ထမ်းကို လွှတ်တော်ကိုယ်စားလှယ်က ပါးရိုက်သည်ဟူသော သတင်းများ လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုများရှိခဲ့သည်။ ယင်းကိစ္စဖြစ်ပွားသည့်အချိန်တွင် မြို့နယ်အုပ်ချုပ် ရေးမှူးရုံးတွင် အစည်းအဝေးတက်ရောက်နေခဲ့ပြီး၊ ပြီးသွားသည် ့အချိန်တွင်လည်း မြို့နယ်ရုံးခန်းမှာ ရုံးထိုင်နေ ခဲ့ကာ ယင်းကိစ္စကိုမသိရှိခဲ့ဟု ပြောသည်။

" အစက ကျွန်တော်လုံးဝမသိခဲ့ဘူးဗျ၊ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာ ပြည်သူတွေအသံ၊ ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော်ပေးနေရတာ၊ ပြည်သူကို ကျွန်တော်တို့ ဒီလိုမဆက်ဆံပါဘူး။ ဒီလို စွပ်စွဲ တဲ့ကိစ္စကို Facebook တင်တဲ့အကောင့်တွေကို ကျွန်တော်လေ့လာနေတယ်။ လောလောဆယ်တော့" ပြော သည်။

လက်ရှိအနေအထားတွင် တိုးဂိတ်ဝန်ထမ်းက ခလောက်ချိုက်နယ်မြေစခန်းတွင် အမှုဖွင့်ထားသည့်ကိစ္စကိုလည်း စုံစမ်းသွားမည်ဖြစ်ပြီး ကာယကံရှင်နှင့်လည်းတွေ့ဆုံသွားမည်ဟု ဦးကျော်ဆွေဝင်းက ပြောသည်။

" ဘယ်လိုအမှုဖွင့်ထားသလဲ မသိသေးဘူး။ ကျွန်တော်ပြန်ရောက်ရင်တော့ စုံစမ်းကြည့်ဦးမယ်၊ အမှုဖွင့်တဲ့သူနဲ့ လည်း တွေ့ဦးမယ်။ လောလောဆယ်တော့ အဲဒီလောက်ပါပဲ" ဟု ပြောသည်။

သြဂုတ်လ ၁၃ ရက်နေ့၊ နံနက်ပိုင်းက ပန်းလှိုင်တိုးဂိတ်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပါ၀င်သော ယာဉ် တန်းကား ၃ စီးသည် ပန်းလှိုင်တိုးဂိတ်တွင် ဂိတ်ဝင်ကြေးမပေးဘဲ ယာဉ်တန်းမှလိုက်ပါလာသူတစ်ဦးက တိုးဂိတ် ၀န်ထမ်း ကိုငြိမ်းချမ်းအောင်ကို ပါးရိုက်သည်ဟုဆိုကာ တာဝန်ခံကိုကျော်ဝဏ္ဏနှင့် ကိုငြိမ်းချမ်းအောင်တို့က ခလောက်ချိုက်နယ်မြေရဲစခန်းတွင် သွားရောက်တိုင်တန်းခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly