မျှော်လင့်စရာ အမှန်တရားပဲရှိတယ်ဟု လုပ်ကြံခံရသော ရှေ့နေဦးကိုနီ၏ သမီးဖြစ်သူ ပြော

မျှော်လင့်စရာ အမှန်တရားပဲရှိတယ်ဟု လုပ်ကြံခံရသော ရှေ့နေဦးကိုနီ၏ သမီးဖြစ်သူ ပြော

ရန်ကုန်၊ သြဂုတ်လ ၁၈ ။             ။ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခံခဲ့ရသော ရှေ့နေဦးကိုနီအမှုနှင့် ပတ်သက်ပြီး မျှော်လင့်စရာအမှန် တရားပဲရှိတယ်ဟု ရှေ့နေဦးကိုနီ၏ သမီးဖြစ်သူ ဒေါက်တာ ယဉ်နွယ်ခိုင်က ပြောဆိုလိုက်သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ယနေ့ သြဂုတ်လ ၁၈ ရက်တွင် သေနတ်သမားကြည်လင်းအပါအဝင် ၄ ဦးအား ရန် ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် အကြိမ် ၂ဝ မြောက်ရုံးထုတ်ခဲ့ပြီး ရှေ့နေဦးကိုနီ်၏ သမီးဖြစ်သူ အပါအဝင် မျက်မြင်သက်သေ ၅ ဦးကို အထူးခုံရုံးတွင် စစ်ဆေးခဲ့သည်။

ရှေ့နေဦးကိုနီ၏ သမီးဖြစ်သူ ဒေါက်တာယဉ်နွယ်ခိုင်က ဖခင်ဖြစ်သူ ရှေ့နေဦးနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး သူ မြင်တွေ့ခဲ့သော ဖြစ်စဉ်များကို တရားရုံး၌ ထွက်ဆိုအပြီး သတင်းမီဒီယာများကို ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အဖြေတစ်ခု မှန်မှန်ကန်ကန်ကန်ထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ၊ ကျွန်မတို့ မိသားစုကတော့ ကျွန်မ အဖေကတော့ ပြန်ပြီးငုတ်တုတ်ထထိုင်လာမှာမဟုတ်ဘူးရှင့် ။ သေချာတဲ့ညီမျှခြင်းကတော့ လူသတ်မှုမှာ မရှိနိုင်ဘူး။ ဘယ်လိုအမှုပဲဖြစ်ဖြစ်လေ ။ သေသွားတဲ့လူအတွက်ကတော့ ဘာမှ ပြန်ရလာစရာအကြောင်း မရှိဘူး။ ကျွန်မတို့မှာ မျှော်လင့်စရာ အမှန်တရားတစ်ခုပဲ ရှိတယ်။ အဲဒီအမှန်တရားဆိုတာ ကျွန်မတို့ မိသားစုထက်ကို နိုင်ငံအတွက်ရော၊ ဥပဒေရေးရာအတွက်ရော တကယ့်ကို လိုအပ်တယ်လို့ ကျွန်မထင်တယ်။ အမှန်တရားထွက်မှဖြစ်လိမ့်မယ်။ မထွက်ဘူးဆိုရင် ကျွန်မတို့နိုင်ငံအတွက်ရော၊ ဥပဒေရေးရာအတွက်ရော အရမ်းကိုလက်ညှိုးထိုးစရာဖြစ်သွားလိမ့်မယ်” ဟု ရှေ့နေဦးကိုနီသမီးဖြစ်သူ ဒေါက်တာယာဉ်နွယ်ခိုင်က ပြောသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး အရေးကြီး တရားခံအဖြစ်သတ်မှတ်ထားသည့် တရားခံပြေးအောင်ဝင်းခိုင်အား လက်ရှိအချိန်ထိ ရဲတပ်ဖွဲ့မှ ရှာဖွေဖမ်းဆီးနိုင်ခြင်းမရှိသေးသည့်အပေါ် မှတ်ချက်မပေးလိုကြောင်းလည်း ဒေါက် တာယာဉ်နွယ်ခိုင်က ဆိုသည်။

 “အောင်ဝင်းခိုင် ဖမ်းမိခြင်းမရှိတဲ့အပေါ် သူတို့ လုပ်ထုံးလုပ်နည်းတွေအရ လုပ်ပါလိမ့်မယ်။ အဲဒီအပေါ်မှာ ကျွန်မ သိပ်ထူးထူးခြားခြား ကွန်းမန့်မပေးချင်ပါဘူး” ဟု ၄င်းက ပြောသည်။

အဆိုပါ အောင်ဝင်းခိုင်နှင့် ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးနေလက ဇူလိုင်လ ရ ရက်နေ့က တရားခံ ပြေးအောင်ဝင်းခိုင်မှာ ပြည်ပထွက်ပေါက်များမှ ထွက်ခွာခြင်းမရှိသည့် အချက်အပြင် အာဆီယံနိုင်ငံများတွင် ရှိမနေဟု အာဆီယံနိုင်ငံထက်ဝက်ခန့်က အကြောင်းပြန်ကြားလာကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းပြောဆိုချက်များ၊ သတင်းကြေညာထုတ်ပြန်ချက်များအရ အောင်ဝင်းခိုင်မှာ မြန်မာနိုင်ငံအတွင်း လက်ရှိ ရှိနေသည်မှာ သေချာကြောင်း ပြောဆိုခဲ့မှုများရှိသည်။

အဆိုပါ အမှုတွင် ဇွန်လ ရ ရက်နေ့၊ ရုံးချိန်းမှ စတင်ကာ လူသတ်မှုအတွက် လိုပြသက်သေများကို စစ်ဆေး နေခြင်းဖြစ်ပြီး ယနေ့ သြဂုတ်လ ၁၈ ရက်နေ့ ရုံးချိန်းထိ လိုပြသက်သေ ၂၄ ဦးထိ စစ်ဆေးပြီးစီးခဲ့ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly