ဆမ်ဆောင်းစက်ရုံ ပြည်တွင်း လာရောက်ဖွင့်လှစ်ရန်အတွက် စဉ်းစားနေ

ဆမ်ဆောင်းစက်ရုံ ပြည်တွင်း လာရောက်ဖွင့်လှစ်ရန်အတွက် စဉ်းစားနေ

သြဂုတ် ၁၁ ရက် ။       ။ တရုတ်နှင့် ဗီယက်နမ်တို့တွင် အလုပ်သမားဈေး ကြီးမြင့်သောကြောင့် ဆမ်ဆောင်းပစ္စည်းများထုတ်လုပ်ရန် မြန်မာနိုင်ငံတွင် စက်ရုံတည်ဆောက် သွားရေးအတွက် ဆမ်ဆောင်း အီလက်ထရောနစ်က သုံးသပ်စဉ်းစားနေသည်။

အလုပ်သမားခကို လျှော့ချနိုင်ရေးနှင့် အကျိုးအမြတ် ပိုထွက်လာရေးတို့အတွက် ကုမ္ပဏီက မြန်မာနိုင်ငံတွင်း စက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ လာတည်ဆောက်ရန်အတွက် စဉ်းစားသုံးသပ်နေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက သည်ကိုရီးယားတိုင်းမ်စ်သို့ သြဂုတ် ၁၀ ရက်က ပြောခဲ့သည်။

ထိုသို့မြန်မာနိုင်ငံ၌လာဖွင့်လှစ်ရေးအတွက် အဓိကကျသည့် အခြေအနေအရပ်ရပ်ကို ဆွေးနွေးလျက်ရှိနေကြသည်။

"နှစ်အနည်းငယ်အတွင်းမှာ ဖြစ်လာနိုင်ပါတယ်။ ကမ္ဘာ့ကုမ္ပဏီကြီးတစ်ရပ်အနေနဲ့ တရုတ်နဲ့ ဗီယက်နမ်အလွန် ဈေးကွက်ကို ရှာဖွေရမှာပါ။ တကယ်လို့ ဆမ်ဆောင်းပစ္စည်းတွေ ထုတ်လုပ်ရေးအတွက် သင့်တော်တဲ့ အခြေအနေရခဲ့ရတော့ အဲဒီစက်ရုံ တည်ဆောက်မယ့်နိုင်ငံက ကုမ္ပဏီရဲ့ စက်ပစ္စည်းတွေကို ထုတ်လုပ်မှုမှာ အခရာဖြစ်လာမှာပါ။" ဟု သတင်းရင်းမြစ် တစ်ရပ်က ဆိုသည်။

ဆမ်ဆောင်း၏ စက်ပစ္စည်းများ ထုတ်လုပ်ရေးစက်ရုံများသည် ကိုရီးယား၊ တရုတ်၊ အမေရိကန်နှင့် ဗီယက်နမ်တို့တွင် ရှိသည်။ ဗီယက်နမ်ရှိ စက်ရုံမှ ဆမ်ဆောင်းမိုဘိုင်းဖုန်းများအတွက် မျက်နှာပြင်များနှင့် အီလက်ထရောနစ်အစိတ်အပိုင်းများ ထုတ်လုပ်နေခြင်းဖြစ်ပြီး တရုတ်ရှိ စက်ရုံမှ semiconductor များနှင့် ဖုန်းမျက်နှာပြင်များ ထုတ်လုပ်နေခြင်းဖြစ်သည်။

မြန်မာတွင် ဆမ်ဆောင်းစက်ရုံ မရှိသေးဘဲ ထိုင်းဆမ်ဆောင်းရုံးခွဲမှ ဈေးကွက်ကို လည်ပတ်နေခြင်းဖြစ်သည်။ ၂၀၁၃ ဇန်နဝါရီလအတွင်းက မြန်မာရင်းနှီးမြုပ်နှံရေးကော်မရှင်ထံမှ ရန်ကုန်မြို့အနီး စက်ရုံ တည်ထောင်ဖွင့်လှစ်ခွင့်ကို ဆမ်ဆောင်းက ရရှိခဲ့သော်လည်း ယင်းစက်ရုံတည်ဆောက်ရေးက ရပ်ဆိုင်းခဲ့သည်။

"ဆမ်ဆောင်းကုမ္ပဏီအနေနဲ့က မြေယာကိစ္စမှာ အာမခံခိုင်ခိုင်မာမာရရှိလိုပြီး လျှပ်စစ်လုံလောက်စွာလည်း ရရှိချင်ခဲ့တယ်။ စီမံခန့်ခွဲရေးနဲ့ ဆက်စပ်တဲ့ အရေးကိစ္စတွေမှာ အားလုံးသဘောတူလက်ခံ တဲ့ဆီရောက်ဖို့က အဓိကပြဿနာတစ်ရပ်ဖြစ်ခဲ့ရတယ်။ ဒါကြောင့် အဲဒီအချိန်က စက်ရုံမဖွင့်လှစ်နိုင်ခဲ့တာပါ။" ဟု သံတမန် သတင်းရင်းမြစ်တစ်ရပ်က ပြောကြားခဲ့သည်။

Source - The Korea Times

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly