Ooredoo Enjoy the Internet

Shop.com.mm

WFP ၏ ရခိုင်ပြည်နယ်အတွင်း ထောက်ပံ့ပေးမှု ၅၀ ရာခိုင်နှုန်းလျှော့ချမည်

.

စစ်တွေ၊ သြဂုတ် ၁၇ ရက်။              ။ ကမ္ဘာ့စားနပ်ရိက္ခာ ဖြန့်ဖြူးရေးအဖွဲ့ WFP မှ ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းပေါင်း ၁၅ ခုတို့တွင် ထောက်ပံ့ပေးမှု များ ပြုလုပ်လျှက်ရှိနေရာ ယခုသြဂုတ်လမှ စတင်ဘာလအထိ နှစ်လတာ ကာလအတွင်း ၅၀ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်သည်။

WFP အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်မှစတင်ကာ ဒုက္ခသည်စခန်းများအား စားနပ်ရိက္ခာ ထောက်ပံ့ပေးနေခြင်းဖြစ်ပြီး လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စစ်တွေနှင့်  ကျောက်ဖြူမြို့နယ် တို့တွင် ဒုက္ခသည်စခန်းပေါင်း ၁၅ ခုရှိကာ လူဦးရေ ၁၂၀၀၀၀ ကျော်ခန့် ရှိကြောင်း သိရသည်။

“ရိက္ခာလျှော့ချမယ်ဆိုတာကိုတော့ Plan International ကနေပြီးတော့ ပြီးခဲ့တဲ့လကနေ ပြောထားပါတယ်။ ဒီနေ့မှာ တော့ WFP က ထုတ်ပြန်ချက်ကို ကျွန်တော်တို့ရရှိပါတယ်။ အရင်ထောက်ပံ့ပေးနေတာကနေ ၅၀ ရာခိုင်နှုန်း လျှော့ချ သွားမယ်လို့ ရေးထားပါတယ်။”ဟု သဲချောင်းဒုက္ခသည်စခန်း စီမံခန့်ခွဲရေးကော်မတီဝင် ဦးမောင်မောင်စိန်က ပြောသည်။

ယခင်က ဒုက္ခသည်စခန်းတွင် နေထိုင်သူတစ်ဦးလျှင် တစ်လ ဆန်နို့ဆီဗူး ၅၄ လုံး၊ ဆီတစ်လီတာ၊ ပဲ၊ ဆားနှင့် အသက်ငါးနှစ်အောက် ကလေးငယ်များအတွက် အဟာရဖြစ်စေသည့် အစားအစာများကို ထောက်ပံ့ပေးလျှက် ရှိပြီး ယခုလျှော့ချလိုက်သည့် ၅၀ ရာခိုင်နှုန်းတွင် ဆန်မပါဝင်ကြောင်း သိရသည်။

“ဒီစာထဲမှာတော့ သြဂုတ်လနဲ့ စက်တင်ဘာလလို့ပဲ ရေးထားပါတယ်။ နောက်လတွေမှာ ဘယ်လိုဖြစ်လာမှာ လဲတော့ မသိဘူး။ ကျွန်တော်တို့သိရတာက WFP မှာ ရိက္ခာမလုံလောက်လို့   လျှော့ချလိုက်တာလို့ပဲ သိရပါတယ်”ဟု ဦးမောင်မောင်စိန်က ပြောသည်။

ထို့ကြောင့် ရိက္ခာထောက်ပံ့မှုများအား လျှော့ချလိုက်သည့်အတွက် ဒုက္ခသည်စခန်းအတွင်း နေထိုင်သူ အများစုတို့မှာ အခက်အခဲများနှင့် ကြုံရနိုင်ခြေရှိနေပြီး နောက်လများတွင် အထောက်အပံ့များပုံမှန် ရရှိလာနိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးမောင်မောင်စိန်က ပြောသည်။