မကွေး မြသလွန်ဘုရားပွဲဆိုင်ခန်းများအတွက် လေလံကြေးပိုပေးရသောကြောင့် တစ်ခန်းလျှင် ၅၀၀၀ ကျပ် တိုးကောက်ထား

မကွေး မြသလွန်ဘုရားပွဲဆိုင်ခန်းများအတွက် လေလံကြေးပိုပေးရသောကြောင့် တစ်ခန်းလျှင် ၅၀၀၀ ကျပ် တိုးကောက်ထား

မကွေး၊ သြဂုတ် ၁၆ ။        ။ မကွေးမြို့ မြသလွန်ဘုရားပွဲတော် ဆိုင်ခန်းများဆောက်ရန် လေလံကြေး ပြီးခဲ့သည့်နှစ်ကထက် ပိုပေးရသောကြောင့် ယခုနှစ်တွင် အရင်နှစ်ကထက် ဆိုင်ခန်းခ တစ်ခန်းလျင် (၅၀၀၀)ကျပ် တိုးကောက်ထားသည်ဟု မြသလွန်ဘုရားပွဲတော် ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

ပြီးခဲ့တဲ့နှစ်က ဆိုင်ခန်းဆောက်ခ လေလံကြေးမှာ ဆိုင်ခန်းတစ်ခန်းကို ပစ္စည်းစိုက်ခြင်း၊ ဆိုင်ခန်း ဆောက်လုပ်ခြင်း ၊ပွဲတော်ပြီး ဖျက်သိမ်းတဲ့အထိ ဆိုင်ခန်းတစ်ခန်း (၁၂၃၀၀)ကျပ်   ပေးလုပ်ဆောင်ခဲ့ရပါတယ်။ ဒီနှစ်မှာ ဆိုင်ခန်းဆောက်ခ လေလံကြေးမှာ ဆိုင်ခန်းတစ်ခန်း ပစ္စည်းစိုက်ခြင်း၊ ဆိုင်ခန်းဆောက်လုပ်ခြင်း၊ ပွဲတော်ပြီး ဖျက်သိမ်းခြင်းအထိ ဆိုင်ခန်း တစ်ခန်းကို (၁၇၃၀၀)ကျပ် လေလံကြေး ပေးဆောင်ရပါတယ်။  ဒါကြောင့် ဒီနှစ် တိုးကောက်ရတာပါဟု မြသလွန်ဘုရားပွဲ တော်ဖြစ်မြောက်ရေးကော်မတီရုံးမှ စာရင်းကိုင် (၁)ဦးခင်မောင်သန်းက ပြောသည်။

မကွေး မြသလွန် ဘုရားပွဲတော်ကြီး ကျင်းပရန်အတွက် ဆိုင်ခန်းပေါင်း(၁၁၀၀)ကျော် ဆောက်လုပ်ရမည်ဖြစ်ပြီး ဇူလိုင်လ (၂၀)ရက်နေ့ကတိုင် စျေးဆိုင်ခန်းများဆောက်လုပ်ရန် ပန္နက်ရိုက်၍ စတင်ဆောက်လုပ်ခဲ့သည်မှာ ယနေ့အချိန်ထိ ဆိုင်ခန်းပေါင်း (၉၀၀)ခန့်ပြီးစီးနေပြီးဖြစ်ကြောင်း၊ဆိုင်ခန်းမျာသည် အနံ ၆ ပေ ၈ လက်မ၊ အလျား ၁၆ ပေရှိပြီး တစ်ခန်းလျင် ဆိုင်ခန်းခ နှစ်သောင်းကျပ် ကောက်ခံမည်ဖြစ်ကြောင်း၊ မီးသုံးစွဲခ သပ်သပ်ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ဆိုင်ခန်းများအား ယခင်းဘုရားပွဲတော်ကြီးတွင် နှစ်စဉ် လာရောက် စျေးရောင်းချဖူးသည့် စျေးသည်အဟောင်းများအား ဦးစားပေး နေရာချပေးနေပြီးဖြစ်ကာ လာမည့် ဝါဆိုလပြည်နေ့မှ စတင်ကာ ဆိုင်ခန်းအသစ်လျှောက်ထား သူများအား ဆက်လက် နေရာချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ ၂၅၈၁ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လဆန်း (၁၀)ရက်နေ့မှ သီတင်းကျွတ် လကုန်သည်အထိ ရက်(၂၀) ကြာ ကျင်းပမည်ဖြစ်ပြီး ကျင်းပပြုလုပ်နိုင်ရန် သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ သြဝါဒခံယူ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မကွေးမြို့ မြသလွန်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly