ရတနာ့ဂူနတ်ပွဲတွင် ရိုးရာမပျက် ညီလာခံ အကျဉ်းချံုး ပြုလုပ်

ရတနာ့ဂူနတ်ပွဲတွင် ရိုးရာမပျက် ညီလာခံ အကျဉ်းချံုး ပြုလုပ်
H1N1 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မန္တလေးမြို့ အမရပူရမြို့နယ် ငယ်တိုးကျေးရွာအုပ်စု၊ ရတနာဂူအောက်နန်းရှိ သာသနာပြု ပုပ္ပားမယ်တော်ကြီးနန်းတွင် သြဂုတ်(၁၄)ရက် ညနေ(၆)နာရီကသိုးဆောင်း မိဖုရား(၁၁)ဦး၊ ဗောင်းဆောင်း အမတ် (၁၁)ဦး နှင့် မိသားစုများဖြင့် ရိုးရာမပျက် ညီလာခံကို အကျဉ်းချုံး ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ  - ဘိုဘို/မဇ္ဈိမ)

မန္တလေး၊ သြဂုတ်၁၅ ။   ။ H1N1 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မန္တလေးမြို့ အမရပူရမြို့နယ် ငယ်တိုးကျေးရွာအုပ်စု၊ ရတနာဂူအောက်နန်းရှိ သာသနာပြု ပုပ္ပားမယ်တော်ကြီးနန်းတွင် သြဂုတ်(၁၄)ရက် ညနေ(၆)နာရီက သိုးဆောင်း မိဖုရား(၁၁)ဦး၊ ဗောင်းဆောင်း အမတ် (၁၁)ဦး နှင့် မိသားစုများဖြင့် ရိုးရာမပျက် ညီလာခံသဘင်ကို အကျဉ်းချံုး ပြုလုပ်ခဲ့ကြောင်းသိရသည်။

''H1N1 ပျံ့နှံ့ဖြစ်ပွားနေတော့ ကျန်းမာရေးအတွက် ကာကွယ်နိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဇာတ်ပွဲ၊ ဆိုင်ခန်း၊ နတ်နန်းတွေ ပြုလုပ်တာကို ဒီနှစ် ခွင့်မပြုပါဘူး၊ ရတနာဂူဘုရားဖူးလာတဲ့ ဧည်သည်တွေနဲ့ ပုပ္ပါးမယ်တော်ကြီးကို ရိုးရာအရ လာရောက်ပန်းဆက်တဲ့သူတွေကိုပဲ ခွင့်ပြုသွားမှာပါ၊ ရိုးရာမပျက် အကျဉ်းချံုးပဲ ကျင်းပသွားမှာပါ''ဟု ရတနာဂူဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်စိုးက ပြောသည်။

နှစ်စဉ် လူသိန်းချီ လာရောက်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော တောင်ပြံုးမင်းနှစ်ပါးနတ်ပွဲပြီးနောက် လူထောင်ချီလာရောက်သော ရတနာ့ဂူနတ်ပွဲကို သြဂုတ်(၁၅)ရက် မှ (၂၁)ရက်ထိ ကျင်းပမည်ဖြစ်မည်ဖြစ်ရာ H1N1 ရောဂါထိန်းချုပ်နိုင်သည့်ကာလထိ ရွေ့ဆိုင်းထားခြင်းကြောင့် ယခုနှစ်တွင် အကျဉ်းချံုး ကျင်းပမည်ဖြစ်သည်။

''ဒီနေ့က ရိုးရာအရ လာရတာပါ၊ အမေတာဝန်ကို အမေ လာပြီး ထမ်းဆောင်ရတာပါ၊ ပုပ္ပားမယ်တော် ဝတ်စုံဝတ် ဘီလူးခေါင်းဆောင်းပြီးတော့ ပုပ္ပားမယ်တော်ကို သွားကြိုရပါတယ်၊ ပြီးရင် ပုပ္ပားမယ်တော်ကို ပြန်ပို့ရတယ်၊ အမေတို့က မျိုးရိုးမရှိဘူး၊ မယ်တော်က မြှောက်စားလို့ လာအမှုထမ်းရတာပါ၊ အခြားသူတွေလည်း ရိုးရာကြောက်လို့ သူ့ တာဝန်နဲ့သူ လာထမ်းဆောင်ရမှာပါ '' ဟု သိုးဆောင်းမိဖုရားကြီး နံပါတ်(၁) ဒေါ်စောနန်းစံပယ်က ပြောသည်။

ရတနာဂူဘုရားပွဲ နှင့် နတ်ပွဲကို ဝါခေါင်လပြည့်ကျော် (၈)ရက် မှ (၁၄)ရက်နေ့အထိ (သြဂုတ်(၁၅)ရက် မှ (၂၁)ရက်ထိ) ကျင်းပမည်ဖြစ်ပြီး ပုပ္ပါးမယ်တော်ကြီး၏ ချိုးရေတော်သုံးပွဲ၊ ယုန်ထိုးပွဲ နှင့် ထိန်ခုတ်ပွဲတို့အား အကျဉ်းချံုး ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly