ရန်ကုန်မြို့သစ်စီမံကိန်း ပွင့်လင်းမြင်သာပါစေ

ရန်ကုန်မြို့သစ်စီမံကိန်း ပွင့်လင်းမြင်သာပါစေ

သြဂုတ် ၁၀ ရက် ။     ။ တစ်ကျော့ပြန် ရန်ကုန်မြို့သစ်စီမံကိန်း တည်ဆောက်ရန် တင်ဒါအား ၂၀၁၅ ခုနှစ် ဇူလိုင်၁၂ရက်နေ့ သတင်းစာတွင် ဖော်ပြခဲ့ရာ၌ အဆိုပြုတင်ဒါလျှောက်လွှာများအား သြဂုတ်လ ၁၈ ရက်နေ့တွင် ပဏာမဖွင့်ဖောက်စိစစ်မည်ဟု ကြေညာထားသော်လည်း "ပိုမိုပြည့်စုံကောင်းမွန်စွာ ပြုစုတင်သွင်းနိုင်ရေးအတွက်" ဟုဆိုကာ စက်တင်ဘာ ၂၂ ရက်နေ့သို့ ပြင်ဆင်ရွှေ့ဆိုင်းလိုက်သည်။

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန် ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ကစ၍ ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်က ကြေညာခဲ့ပြီး မြန်မာ့စေတနာမြို့သစ်အများပိုင်လီမိတက်တစ်ခုတည်းအား လုပ်ကိုင်ခွင့်ပြုခဲ့ရာမှ ပွင့်လင်းမြင်သာမှုမရှိဟု ဝေဖန်မှုများ ကြုံရပြီး စီမံကိန်းရပ်ပစ်လိုက်ရသေးသည်။

စီမံကိန်းတည်နေရာကို ရန်ကုန်မြို့ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေးကားလမ်းကြားက မြေဧက ၃ သောင်းဝန်းကျင်ပေါ်၌ လျာထားခဲ့သည်။

ရန်ကုန်မြို့သစ် စီမံကိန်းသတင်းထွက်ပေါ်လာပြီး စီမံကိန်းဧရိယာအတွင်း လယ်မြေများ ၁ ဧက ငွေကျပ်သိန်းထောင်ချီ၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ စီမံကိန်းအား ကန့်ကွက်ချိန်နှင့် ရပ်နားလိုက်ချိန် တွင် မြေများပြန်ရောင်းထုတ်ကြခြင်းကြောင့် ပြည်တွင်း ရွှေဈေး၊ ဒေါ်လာဈေးနှုန်းများ အကြီးအကျယ် ဂယက်ထခဲ့သည်ဟု သုံးသပ်မှုများလည်း ပေါ်ထွက်ခဲ့သည်။

ထို့နောက် ၂၀၁၅ ခု ဇွန်လ ၁၀ ရက်နေ့တွင် ကျပ်ဘီလီယံပေါင်း ရှစ်ထောင်ကျော် (၁ဘီလီယံလျှင် ကျပ်သန်းတစ်ထောင်) ကုန်ကျမည့် မြို့သစ်စီမံကိန်း ၇ ခု ခေါင်းစဉ်ဖြင့် ရန်ကုန်တိုင်းအစိုးရ ကိုယ်စား ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က တိုင်းလွှတ်တော်သို့ ထပ်မံတင်ပြလာသည်။

၂၀၁၅၊ ဇွန် ၁၉ ရက်က ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေး၏ အတည်ပြုချက်ရပြီးနောက် စီမံကိန်းတည်ဆောက်လိုသူ ကုမ္ပဏီများသည် ကုမ္ပဏီဆိုင်ရာအချက်အလက်များ၊ ရင်းနှီးမြုပ်နှံ မည့်ငွေကြေး များ၊ နည်းပညာအကူအညီ ရယူဆောင်ရွက်မည့်အစီအစဉ်၊ စီမံကိန်းအကောင်အထည်ဖော်မည့် အစီအစဉ်များ၊ လူမှုစီးပွားဆိုင်ရာဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့်အတူ တင်ဒါ အာမခံ စပေါ်ငွေကျပ် ငါးဘီလီယံသွင်းရမည်ဟု ကြေညာခဲ့သည်။

အဆိုပြုလျှောက်လွှာတစ်စုံကိုလည်း ကျပ် ငါးသောင်းဖြင့် ရောင်းချပြီး တင်ဒါခေါ်ခဲ့သည်။ မြို့သစ်စီမံကိန်း ၇ ခုမှာ ရန်ကုန်အရှေ့မြောက်ပိုင်းမြို့သစ်၊ ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ်၊ သန်လျင်မြို့သစ်၊ ဒလမြို့သစ်၊ ထန်းတပင်မြို့သစ်၊ မှော်ဘီမြို့သစ်နှင့် လှည်းကူးမြို့သစ်တို့ဖြစ်သည်။

စီမံကိန်းနယ်မြေများအတွင်း စိုက်ပျိုးရေးဖြစ်ထွန်းသော လယ်မြေများပါဝင်သကဲ့သို့ စိုက်ပျိုးရေး ဖြစ်ထွန်းခြင်း မရှိသည့်မြေများ လည်းပါဝင်သည်။ ဒေသဝမ်းစာစပါး ဖူလှုံရေးအတွက် စိုက်ပျိုးရေးဖြစ် ထွန်းသောမြေ များအား ဇုန်အဖြစ် သတ်မှတ် ချန်လှပ်ပြီး အကောင်အထည်ဖော်မည်ဟု မြို့တော်ဝန်ဦးလှမြင့်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

သိမ်းဆည်းခံလယ်ယာမြေအဟောင်းများပင် ပြန်မပေးဘဲနှင့် လယ်မြေသစ်များကို ဧက သိန်းချီပြီး ထပ်မံသိမ်းဦးမည်ကို ထောက်ပြ မေးခွန်းထုတ်ဝေဖန်မှုများ ရှိနေသော်လည်း မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်းကိုမူ လွှတ်တော်၌ အတည်ပြုခဲ့ပြီးဖြစ်သည်။

ထို့ပြင် မြို့သစ်စီမံကိန်းတင်ဒါကို လာမည့် နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီ အလောတကြီး ဆောင်ရွက်နေခြင်းသည်ကပင် သံသယဖြစ်ဖွယ် ရှိနေသဖြင့် နိုင်ငံရေးသမားများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း များ၊ ပြည်သူများက စောင့်ကြည့်နေကြသော ကြောင့် ပွင့်လင်းမြင်သာမှုရှိရန် သတိချပ်စေလိုပါသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly