သြဂုတ် ၁၃ ။ ။ မြောက်ကိုရီးယားတို့က အမေရိကန်ပိုင်နက်ဖြစ်သော ဂူအမ်ကျွန်းကို ဒုံးပျံဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်နေသောကြောင့် ကတ်သလစ်ဘာသာ ကိုးကွယ်ကြသော ဂူအမ်ကျွန်းပေါ်ရှိိ ပြည်သူများက တနင်္ဂနွေနေ့ တွင် ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲပြုလုပ်ခဲ့ကြသလို ကျွန်း၏ ဂိုဏ်းချုပ်ဘုန်းတော်ကြီးကလည်း အမေရိကန် နှင့် ပြံုယမ်းအစိုးရတို့အနေဖြင့် နှိုင်းနှိုင်းဆဆ ပြုမူကြရန် မေတ္တာရပ်ခံခဲ့သည်။
ဂူအမ်ကျွန်း၏ မြို့တော်ဖြစ်သော ဟာဂတ်နာမြို့တွင် နေ့လယ်ပိုင်း၌ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆုတောင်းပွဲသို့ လူပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့သည်။ ဒ့ါအပြင် စကားစစ်ထိုးမှုများ ပြုလုပ်နေသော အမေရိကန်နှင့် နျူကလီး ယားလက်နက်နှင့် ခြိမ်းခြောက်နေသော မြောက်ကိုရီးယားတို့ကြား၌ မြေစာပင်ဖြစ်နေရသော ဂူအမ်ကျွန်းပေါ်ရှိ ပြည်သူများက သူတို့သည် လက်ရှိအခြေအနေနှင့် ပက်သက်၍ ထိတ်လန့်တုန်လှုပ်မှု မရှိကြောင်း ပြောခဲ့သည်။
“ ကျနော်တို့ လုံးဝမကြောက်ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့အားလုံး သေချိန်တန်ရင် သေကြရမှာပါပဲ” ဟု အသက် ၆၂နှစ်အရွယ်ရှိ အငြိမ်းစားကျောင်းဆရာ စီတာမန်ဂျာရက်စ်က ပြောခဲ့သည်။
ဘုန်းတော်ကြီး မိုက်ခရစ္စဆိုတိုမိုကလည်း မြောက်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်မည့်နည်းလမ်းမှာ ဘာသာတရားအပေါ် ယုံကြည်မှုရှိခြင်းနှင့် ဆုတောင်းခြင်းတို့သာဖြစ်ကြောင်း ပြောခဲ့သည်။
“ဒီဆုတောင်းပွဲလေးကို တခြားနိုင်ငံကသူတွေ တွေ့မြင်တဲ့အခါမှာ ဂူအမ်ကျွန်းလေးဟာ သေးငယ်လှပေမယ့် ကျနော်တို့ရဲ့ ဘာသာရေးကိုင်းရှိုင်းမှုနဲ့ ယုံကြည်မှုတို့ဟာ ကြီးမားကြောင်းကို သိရပါလိမ့်မယ်” ဟု သူက ဆက်ပြောခဲ့သည်။
အဆိုပါဆုတောင်းပွဲသို့ တက်ရောက်နိုင်ရန်အတွက် မန်ဂျီလာအိုရွာမှ ၁၄ ကီလိုမီတာခန့် ခရီးနှင်ခဲ့ရသော အသက် ၈၂ နှစ်အရွယ် အဖွားအိုဒိုရာဆာလာဇာက သူမသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအမ်း အတွက်ပါ ဆုတောင်းပေးကြောင်း ပြောခဲ့သည်။
“ဘုရားသခင် သူ့ရဲ့စိတ်နှလုံးကို ထိတွေ့မိပါစေလို့ ကျမတို့ဆုတောင်းပေးပါတယ်” ဟု သူမက ပြောခဲ့သည်။