သြဂုတ် ၁၃၊ မလေးရှား ။ ။ မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၉ ကြိမ်မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ၏ သတင်းစာရှင်းလင်းပွဲအခမ်းအနားကို ကွာလာလမ်ပူမြို့တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသတင်းစာရှင်းလင်းပွဲတွင် မြန်မာယူ-၂၂ အသင်းနည်းပြ ဂတ်ဇီဆီက မြန်မာပရိသတ်များပျော်ရွှင်နိုင်စေရန် အဓိကထား ကြိုးပမ်းသွားမည်ဟု ပြောဆိုလိုက်သည်။
“ဆီးဂိမ်းပြိုင်ပွဲအတွက် ကျွန်တော်တို့အသင်းကို ပြင်ဆင်လာတာ အခုဆိုရင် အဆင်သင့်ဖြစ်နေပါပြီ။ ဆီဂိမ်းမတိုင်ခင်မှာ အာရှယူ-၂၃ ခြေစစ်ပွဲတွေရော နိုင်ငံတကာခြေစမ်းပွဲတွေပါ ကစားခဲ့ပါတယ်။ သြစတြေးလျလို အသင်းကိုရှုံးပြီး အာရှခြေစစ်ပွဲ မအောင်မြင်ခဲ့လို့ မြန်မာပရိသတ်တွေ အပြည့်အဝ မပျော်ခဲ့ရပါဘူး။ ဒီတစ်ကြိမ်မှာ ပရိသတ်တွေပျော်ရွှင်နိုင်ဖို့ အဓိကထားပြီး ကြိုးစားသွားမှာပါ” ဟု ဂတ်ဇီဆီက ပြောဆိုခဲ့သည်။
ဒါ့အပြင် ဂတ်က “အုပ်စုတွင်းပြိုင်ဘက်တွေက အကောင်းဆုံးပြင်ဆင်လာကြတာပါ။ ဘယ်အသင်းကိုမှ လွယ်လွယ်ကူကူ အနိုင်မရနိုင်ပါဘူး။ အုပ်စုအဖွင့်ပွဲအဖြစ်ကစားရမယ့် စင်ကာပူနဲ့ပွဲကလည်း ခက်ခက်ခဲခဲ ကစားရမှာပါ။ စင်ကာပူအသင်းက နုပျိုပြီး စုစည်းမှုကောင်းတဲ့အသင်းပါ” ဟု ဆိုသည်။
မြန်မာအသင်းသည် သြဂုတ်လ ၁၄ ရက်နေ့ နေ့လည် ၂း၃၀ တွင် စင်ကာပူအသင်းနှင့် အုပ်စုအဖွင့်ပွဲစဉ်ကို ကစားရမည် ဖြစ်သည်။
စင်ကာပူနည်းပြ ရစ်ချက်တယ်ဒီကမူ ၎င်းတို့အသင်းမှာ အုပ်စုအတွင်း၌ အသက်အငယ်ဆုံးဖြစ်ပြီး အိမ်ရှင်မလေးရှားနှင့် မြန်မာအသင်းတို့မှာ အတောင့်တင်းဆုံးအသင်းများဖြစ်ကြောင်း ဆိုသည်။
“အုပ်စုထဲမှာ မလေးရှားနဲ့မြန်မာက အတောင့်တင်းဆုံးပါ။ အခြားအသင်းတွေကလည်း ကောင်းပါတယ်။ မနက်ဖန် မြန်မာနဲ့ပွဲက ခက်ခဲမယ်ဆိုတာသိပေမယ့် ရလဒ်ကောင်းဖို့ ပြင်ဆင်ထားပါတယ်” ဟု ရစ်ချက်တယ်ဒီက ဆိုခဲ့သည်။
အိမ်ရှင်မလေးရှားနည်းပြ အွန်ကင်ဆီးကတော့ လက်ရှိအချိန်တွင် အုပ်စုတက်ဖို့၊ ချန်ပီယံဖြစ်ဖို့ဆိုပြီး ပြင်ဆင်ထားတာမျိုးမရှိဘဲ တစ်ပွဲချင်းစီသာ ပြင်ဆင်သွားမည်ဖြစ်ကြောင်း ဆိုခဲ့သည်။
မြန်မာအသင်းပါ၀င်သည့် အုပ်စု(က)တွင် အိမ်ရှင်မလေးရှား၊ မြန်မာ၊ စင်ကာပူ၊ လာအိုနှင့်ဘရူနိုင်းအသင်းတို့ ပါ၀င်သည်။