မန္တလေးတိုင်းအတွင်း ငါးမွေးမြူရေးကန် ၁၈ ဧကကျော် ဖျက်သိမ်း

မန္တလေးတိုင်းအတွင်း ငါးမွေးမြူရေးကန် ၁၈ ဧကကျော် ဖျက်သိမ်း

မန္တလေး၊ သြဂုတ် ၁၁ ။         ။ မန္တလေးတိုင်းဒေသကြီးအတွင်း လုပ်ကိုင်နေသည့် ငါးမွေးမြူရေးကန်များဖျက်သိမ်းမှု ယခုနှစ်တွင် ၁၈ ဧက ကျော်ရှိလာကြောင်း မန္တလေးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှဝင်းက ပြောသည်။

ထိုသို့ငါးမွေးမြူရေးကန်များဖျက်သိမ်းခြင်းမှာ မြို့နယ်နိမိတ်သတ်မှတ်ထားသည့်နေရာတွင် ပါဝင်ခြင်း၊ လူနေရပ်ကွက်၊ ကျေးရွာများအတွင်းကျရောက်နေခြင်းနှင့်လုပ်ကိုင်၍ အဆင်မပြေသောကန်များ   ဖြစ်ကြောင်း ဦးလှဝင်းက ဆိုသည်။

"မြို့နယ်နိမိတ်ထဲ၊မြို့ဧရိယာထဲပါတဲ့ကန်တွေ ဒါတွေကိုဖျက်သိမ်းတာရှိပါတယ်။နယ်တွေမှာတော့ တကယ်လို့သူတို့ကန်တွေကောလာပြီ ။ စီးပွားရေးလည်းမကောင်းတော့ဘူး။ သူတို့ မလုပ်နိုင်တော့ဘူး ဆိုရင်တော့ သူတို့ဘက်က ဖျက်သိမ်းခွင့်တင်ပါတယ်။အဲလိုတင်လိုရှိရင် ကျွန်တော်တို့က ကွင်းဆင်းစစ်ဆေးပြီး ရုံးချုပ်ကိုတင်ပြီတော့ အထောက်ထားနဲ့ဒီနေရာသည် ရေလဲမရတော့ဘူး။ ရပ်ကွက်ထဲလည်း ရောက်သွားပြီ ငါးမွေးလို့ မသင့်တော်တော့ဘူးဆိုရင် အုပ်ချုပ်ရေးမှူး ထောက်ခံချက်တွေ၊ ကွင်းစာရေးထောက်ခံချက်တွေနဲ့ ငါးကန် ဖျက်သိမ်းပေးပါဆိုပြီး တင်ရတယ်"ဟု ပြောသည်။

ထိုသို့ ငါးမွေးမြူရေးကန်များဖျက်သိမ်းခြင်းကြောင့် ငါးထုတ်လုပ်မှုလျော့နည်းခြင်းမရှိကြောင်းလည်း ဦးလှဝင်းကဆိုသည်။

"ဒီလောက်လျော့သွားတာနဲ့တော့ ငါးထုတ်လုပ်မှုက လျော့မသွားပါဘူး။"ဟု ဦးလှဝင်းကပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ငါးကန်ဖျက်သိမ်းမှုမှာ မန္တလေးခရိုင်တွင် ၁.၄၉ ဧက၊ဝမ်းတွင်းတွင် ၅ ဧက၊သာစည်တွင် ၅ ဧက၊ မတ္တရာတွင် ရ ဧက တို့ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် ငါးမွေးမြူရေးဧက ရ၀၀၀ကျော်ရှိပြီး လုပ်ကိုင်သူ ၁၂၀၀ ကျော် ရှိကြောင်း သိရသည်။

လက်ရှိအနေအထားတွင် ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန် အသစ်လျှောက်ထားလာမှုမရှိဘဲ ဖျက်သိမ်းပေးရန်အတွက် အကြောင်းကြားလာမှုများသာရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly