အနားယူသွားသည့်တိုင်အောင် အာဏာကို ဆုပ်ကိုင်ထားလိုသည်ဟု ခေါင်းဆောင်ဟောင်းများကို တရုတ်ကွန်မြူနစ်ပါတီ အာဘော်သတင်းစာ ဝေဖန်

အနားယူသွားသည့်တိုင်အောင် အာဏာကို ဆုပ်ကိုင်ထားလိုသည်ဟု ခေါင်းဆောင်ဟောင်းများကို တရုတ်ကွန်မြူနစ်ပါတီ အာဘော်သတင်းစာ ဝေဖန်

ပေကျင်း၊ သြဂုတ် - ၁၀ ။       ။ သြဂုတ်လ ၁၀ရက်နေ့ထုတ် တရုတ်အာဏာရ ကွန်မြူနစ်ပါတီ၏ အာဘော်သတင်းစာတွင် အနားယူသွားသည့် ခေါင်းဆောင်များ၏ လွှမ်းမိုးနေဆဲ သြဇာကို ရှားရှားပါးပါး ဝေဖန်ခဲ့သောကြောင့် သမ္မတ ရှီကျင့်ဖျင်၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလှုပ်ရှားမှု မည်မျှ ခြေတံလက်တံရှည်သည်နှင့်ပတ်သက်ပြီး မှန်းဆမှုများကို ထွက်ပေါ်လာစေခဲ့သည်။

ရှီ၏ လူသိရှင်ကြား အကျင့်ပျက်ခြစားမှု မောင်းနှင်အားက ပြီးခဲ့သည့်ဇွန်လက ထောင်တစ်သက် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသော တရုတ်ရဲတပ်ဖွဲ့၏ ဇာဘုရင်ဟု တင်စားရသည့် ကျို့ယောင်ကန်းအပါအဝင် အကြီးတန်းနှင့် အငယ်တန်းအရာရှိ တစ်သီတစ်တန်းကြီးကို ထောင်ဖမ်းခဲ့သည်။

ကျို့မှာ ၁၉၈၉မှ ၂၀၀၂ခုနှစ်အထိ အုပ်ချုပ်သွားခဲ့ပြီး ဟူကျင်တောင်းသမ္မတဖြစ်လာချိန်အထိ နောက်ပိုင်းဆယ်စုနှစ်များတွင်လည်း အရေးကြီးသောအာဏာကို ဆုပ်ကိုင်ထားဆဲဖြစ်သည့် သမ္မတဟောင်း ကျန်ဇီမင်း၏ မဟာမိတ်တစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြသည်။

သမ္မတဟောင်း ကျန်ကို ရှီနှင့် ပါတီ၏ အတွင်းစုံစမ်းစစ်ဆေးရေးဌာနခွဲတစ်ခုဖြစ်သည့် စည်းကမ်းထိန်းသိမ်းရေးဗဟိုကော်မရှင် (CCDI)တို့က ပစ်မှတ်ထားလာနိုင်သည်လားဆိုသည်နှင့် ပတ်သက်၍လည်း သို့လောသို့လော ခန့်မှန်းပြောဆိုမှုများ ထွက်ပေါ်လာနေသည်။   

သြဂုတ်လ ၁၀ရက်နေ့ထုတ် People's Daily သတင်းစာ၏ အာဘော်ကဏ္ဍတွင် အမည်ဖော်ပြမထားသည့် အနားယူသွားသည့် ခေါင်းဆောင်များကို အာဏာကို ဖက်တွယ်ထားပြီး ပါတီအတွင်း သဘောထားကွဲလွဲမှုကို ဖြစ်ပွားစေသည့်အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။

''ခေါင်းဆောင်တစ်ချို့ဟာ အနာဂတ်မှာ အာဏာဆက်ရှိနေအောင် အခြေအနေအခင်းအကျင်းတွေကို ဖန်တီးပေးဖို့ သူတို့နဲ့ နီးစပ်တဲ့ ခရိုနီတွေကို အဓိကနေရာတွေကို တင်ပေးရုံတင်မက၊ သူတို့အနားယူပြီး နှစ်ပေါင်းများစွာ ကြာတဲ့တိုင်အောင် သူတို့အရင်က အလုပ်လုပ်ပေးခဲ့တဲ့ အဖွဲ့အစည်းရဲ့ အဓိက ပြဿနာတွေမှာပါ ဝင်ရောက်စွက်ဖက်ချင်နေကြတယ်''ဟု People's Daily သတင်းစာအာဘော်တွင် ပြောကြားထားသည်။

ယင်းလုပ်ရပ်များမှာ ခေါင်းဆောင်သစ်များကို မလိုလားအပ်သော ကြောင့်ကြစိတ်များဖြင့် အလုပ်လုပ်ရသောကြောင့် ခြေလက်များကို တုပ်နှောင်ထားသကဲ့သို့ ဖြစ်စေသည်ဟုလည်း ပြောကြားထားသည်။
သူတို့(ခေါင်းဆောင်ဟောင်း)တွေဟာ တစ်ချို့အဖွဲ့အစည်းတွေကို အုပ်စုငယ်တွေအဖြစ် ကွဲသွားစေပြီး အဂတိလိုက်စားစေတာကြောင့် ပါတီရဲ့ စည်းလုံးမှုနဲ့ စွမ်းဆောင်ရည်ကို ပျက်ပြားစေတယ်ဟု လည်း ဆောင်းပါးရှင် ကူဘိုချုံရေးသားသော အာဘော်တွင် ပြောကြားထားသည်။

ကူမှာ တရုတ်စစ်တပ်၏ အထွေထွေနိုင်ငံရေးဌာနမှ အရာရှိတစ်ဦးဖြစ်ပြီး တရုတ်စာရေးဆရာအသင်း၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ ဆောင်းပါးတွင် ခေါင်းဆောင်တစ်ယောက် အနားယူသွားမှုကို လက်ဖက်ရည်တစ်ခွက် အေးစက်သွားမှုနှင့် နှိုင်းယှဉ်ထားသည်။

''ဧည့်သည်ထွက်သွားရင် လက်ဖက်ရည်ဟာ အေးစက်သွားရမယ်။ အဲဒီလိုမှမဟုတ်ရင် ဆိုးရွားသွားလိမ့်မည်။ အလားတူစွာပဲ သမ္မတရုံးက ထွက်သွားရင် ကိုယ့်ရဲ့အတွေးအခေါ်တွေကို နောက်မှာ ထားခဲ့ရမယ်။ အဲသလိုမှမဟုတ်ဘဲ ဂျင်းလက်ဖက်ရည်တစ်ခွက်က အရင်အတိုင်းပဲ ပူမြဲ ပူနေလိုတယ်ဆိုရင်တော့ အဲဒီလက်ဖက်ရည်ကို သွန်ပစ်ရမယ်မဟုတ်လား''ဟုလည်း ပိုစတာတစ်ခု တွင်မေးခွန်း ထုတ်ထားသည်ဟု ဆိုသည်။ မန်ဒရင်းဘာသာတွင် ဂျင်းကို ကျန်ဟု အသံထွက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly