ပြင်သစ်တွင် စစ်သားများကို ကားဖြင့်တိုက်ပြီး မောင်းပြေးသွားသည့် သံသယရှိ အကြမ်းဖက်သမားကို ရဲက ပစ်ခတ်ဖမ်းဆီး

ပြင်သစ်တွင် စစ်သားများကို ကားဖြင့်တိုက်ပြီး မောင်းပြေးသွားသည့် သံသယရှိ အကြမ်းဖက်သမားကို ရဲက ပစ်ခတ်ဖမ်းဆီး

သြဂုတ် ၁၀ ။               ။ ယမန်နေ့က ပြင်သစ်နိုင်ငံ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ စစ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ကားနဲ့ တိုက်ပြီး ထွက်ပြေးသွားနေခဲ့တဲ့ သံသယရှိ အကြမ်းဖက်တရားခံကို ရဲတပ်ဖွဲ့က ယခုအခါ ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

၎င်း သံသယရှိ တရားခံဟာ ယမန်နေ့ သြဂုတ် ၉ ရက်က စစ်တန်းလျားတစ်ခုအပြင်ဘက် ကင်းလှည့်စစ်သားတွေကို ရည်ရွယ်ရှိရှိ ကားနဲ့ တိုက်ပြီး  မောင်းပြေးသွားခဲ့သူ ဖြစ်ပြီး ရဲတပ်ဖွဲ့က ၎င်းကို လိုက်ရှာနေခဲ့ရပြီးမှ ယခုလို ဖမ်းမိခဲ့တာဖြစ်ပါတယ်။

၎င်းတရားခံဟာ အဆိုပါ လုပ်ရပ်ကို ကျူးလွန်ပြီးနောက် Calais မြို့ အနီး အဝေးပြေးလမ်းမတစ်နေရာမှာ ၎င်းရဲ့ ကားရှိနေတာကို ရဲက သိရှိခဲ့ပါတယ်။

ယင်းနောက်မှာတော့ ၎င်းနောက်လိုက်သွားတဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် အသက် ၃၀ ခန့်ရှိ အဆိုပါသံသယရှိ တရားခံအမျိုးသားဟာ ဒဏ်ရာရရှိကာ အဖမ်းခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၎င်းအမျိုးသားဟာ စစ်သားတွေကို ကားနဲ့ တိုက်သတ်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာဖြစ်ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ပြောကြားထားပါတယ်။

ယမန်နေ့က ပြင်သစ်အနောက်ပိုင်း ဆင်ခြေဖုံးအရပ် Levallois-Perret မှာ ၎င်းအမျိုးသားဟာ BMW ကားတစ်စီးကို မောင်းနှင်လာပြီး ကင်းလှည့်စစ်သားတွေကို ၀င်တိုက်ပြီး ထွက်ပြေးနေခဲ့တာ   ဖြစ်ပါတယ်။ ၎င်းရဲ့ လုပ်ရပ်ကြောင့် ခြောက်ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့လည်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly