ဂျပန်နိုင်ငံ ဖူကူရှီးမား နျူကလီးယားစက်ရုံမှာ မပေါက်ကွဲသေးတဲ့ စစ်ကျန်ဗုံး တွေ့ရှိ

ဂျပန်နိုင်ငံ ဖူကူရှီးမား နျူကလီးယားစက်ရုံမှာ မပေါက်ကွဲသေးတဲ့ စစ်ကျန်ဗုံး တွေ့ရှိ

သြဂုတ် ၁၀ ။               ။ ဂျပန်နိုင်ငံ ဖူကူရှီးမား နျူကလီးယားစက်ရုံ ဥပစာဝင်းအတွင်းမှာ ယနေ့ သြဂုတ် ၁၀ ရက်က ဒုတိယကမ္ဘာစစ် လက်ကျန်လို့ ယူဆရတဲ့ ဗုံးတစ်လုံး တွေ့ရှိခဲ့ရလို့ ကျွမ်းကျင်သူတွေကို ခေါ်ယူစစ်ဆေးခိုင်းထားတယ်ဆိုပြီး တာဝန်ရှိသူတွေက ပြောပါတယ်။

အလျား ၈၅ စင်တီမီတာ ( ၂ ဒသမ ၉ ပေ) ရှိ ပေါက်ကွဲခြင်း မရှိသေးတဲ့ ယင်းဗုံးကိုတော့ ယင်းစက်ရုံ ဓာတ်ပေါင်းဖိုတွေအနီး ကားပါကင်အကွက်တစ်ခုမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ လုပ်သားတွေက ရှာဖွေခဲ့တာဖြစ်တယ်လို့ ဖူကူရှီးမား ဓာတ်အားပေးစက်ရုံ အော်ပရေတာ Tokyo Electric Power Co (TEPCO) ရဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောပါတယ်။

ယင်း ဗုံးကိုတော့ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်တို့ ကြဲချခဲ့သည့် ဗုံးဖြစ်မယ်လို့လည်း တာဝန်ရှိသူတွေက သုံးသပ်ထားကြောင်း သိရပါတယ်။

TEPCO တာဝန်ရှိသူတွေကတော့ ယင်းဗုံးကို တွေ့တွေ့ချင်း ရဲတပ်ဖွဲ့ကို ခေါ်ယူခဲ့ပြီး လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားခဲ့တယ်လို့လည်း ဆိုပါတယ်။ အလားတူ ရဲတပ်ဖွဲ့ကလည်းအခါ ဗုံးရှင်းအဖွဲ့ကို ခေါ်ယူထားကြောင်းလည်း သိရပါတယ်။

ဒါပေမယ့်လည်း ယခုလို ဗုံးတွေ့ရှိမှုကြောင့်တော့ နျူကလီးယားစက်ရုံမှာ လုပ်ဆောင်နေတဲ့ ရှင်းလင်းရေးလုပ်ငန်းတွေအပေါ်မှာတော့ သက်ရောက်ဖို့ မရှိဘူးလို့လည်း သိရပါတယ်။

အဆိုပါ ဖူကူရှီးမား ဓာတ်အားပေးစက်ရုံကတော့ ၂၀၁၁ ခုနှစ် မတ်လက အားပြင်းငလျင်လှုပ်ပြီး ဆူနာမီရေလှိုင်းရိုက်ခတ်မှုကြောင့် အရည်ပျော်ကျမှုနဲ့ ကြံုတွေ့ထားခဲ့ရတာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly