ဓမ္မတာ လာစဉ် အမျိုးသမီးများအား အိမ်ပြင်ထုတ် သီးသန့်ခွဲထားသည့် ရှေးဟိန္ဒူအယူအား ရာဇဝတ်ပြစ်မှုအဖြစ် နီပေါလွှတ်တော် ဥပဒေပြဌာန်း

ဓမ္မတာ လာစဉ် အမျိုးသမီးများအား အိမ်ပြင်ထုတ် သီးသန့်ခွဲထားသည့် ရှေးဟိန္ဒူအယူအား ရာဇဝတ်ပြစ်မှုအဖြစ် နီပေါလွှတ်တော် ဥပဒေပြဌာန်း

ခတ္တမန္ဒူ၊ သြဂုတ် ၁၀ ။                 ။ အမျိုးသမီးများ ဓမ္မတာ လာစဉ် အိမ်အပြင်တွင် သီးသန့်ခွဲထုတ် ထားရှိသည့် ရှေးဟိန္ဒူအယူအား ရာဇဝတ်ပြစ်မှုအဖြစ် နီပေါလွှတ်တော်က သြဂုတ် ၉ ရက်တွင် ဥပဒေပြဌာန်း အတည်ပြုသည်။

နီပေါတွင် တောကျသော အစွန်အဖျားအရပ်တစ်ချို့က လူ့အသိုင်းအဝန်း တော်တော်များများသည် အမျိုးသမီးများ ဓမ္မတာ ရာသီသွေးဆင်းခြင်းကို မသတီစရာအဖြစ် သဘောထားလျက် ဓမ္မတာလာချိန် အမျိုးသမီးများကို အိမ်အပြင် ခွဲထုတ်ကာ တဲငယ်လေးများတွင် နေထိုင်အိပ်စက်စေသော Chhaupadi ဟုခေါ်သည့် ရှေးဓလေ့ထုံးစံရှိသည်။

ယခု ပြဌာန်းလိုက်သော ဥပဒေသည် Chhaupadi ဓလေ့အတိုင်း အမျိုးသမီးတစ်ဦးကို အတင်းအဓမ္မ စေခိုင်းသူ မည်သူမဆိုအား ထောင်ဒဏ် သုံးလဖြစ်စေ၊ ငွေဒဏ် ရူပီး ၃၀၀၀ (အမေရိကန်ဒေါ်လာ ၃၀) ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်မည်ဖြစ်သည်။

“အမျိုးသမီးတစ်ဦး ဓမ္မတာ လာချိန် သို့မဟုတ် မီးဖွားပြီးစ အချိန်တို့တွင် Chhaupadi ဓလေ့အားဖြင့် မဆက်ဆံသင့် သကဲ့သို့ ခွဲခြားဆက်ဆံခြင်း၊ မသတီသကဲ့သို့ ပြုမှုခြင်းနှင့် လူမဆန်စွာ ဆက်ဆံခြင်းများ မပြုလုပ်သင့်ပါ။”ဟု လွှတ်တော်တွင် တစ်ခဲနက် မဲပေးထောက်ခံခဲ့သည့် အဆိုပါ ဥပဒေက ဖော်ပြထားသည်။

ယခု ဥပဒေသည် တစ်နှစ်တာအတွင်း အသက်ဝင်မည်ဖြစ်သည်။

Chhaupadi ဓလေ့သည် ဟိန္ဒူအယူဝါဒတစ်ခုဖြစ်ပြီး အမျိုးသမီးများ ဓမ္မတာ လာနေသည့်ချိန်အပြင် မီးဖွားပြီးချိန်တို့တွင် မထိမတွေ့ဘဲ သီးခြားခွဲထားသည့် အယူအဆဖြစ်သည်။

ဓမ္မတာ လာနေသော၊ မီးဖွားပြီးစ ဖြစ်သော အမျိုးသမီးများကို အစားအစာများ၊ ဘာသာရေးပစ္စည်းများနှင့် အမျိုးသားများကို ထိတွေ့ခြင်း မရှိအောင်  အိမ်အပြင် ထုတ်ကာ တဲငယ်(Chhau goth ဟုလည်း ခေါ်) ဖြင့် သီးသန့်ခွဲထား အိပ်စက်စေသည့် ဓလေ့အယူဖြစ်သည်။

ပြီးခဲ့သည့်လက ဓမ္မတာဆင်းသည့် မိန်းကလေးငယ်တစ်ဦးအား Chhau goth တဲငယ်တွင်  သီးသန့်ခွဲထားခံရ၍ အိပ်ပျော်နေချိန် မြွေကိုက်ခံရသဖြင့် သေဆုံးခဲ့သည်။

၂၀၁၆ ခုနှစ် နှောင်းပိုင်းကလည်း Chhaupadi အယူဝါဒအရ ဓမ္မတာလာချိန် ခွဲဲထားခံရသည့် အမျိုးသမီးနှစ်ဦး သေဆုံးမှု ဖြစ်ခဲ့သည်။ တစ်ဦးမှာ Chhau goth အတွင်း အနွေးဓာတ်ရရန် မီးဖိုရာမှ မီးခိုးမွှန်ကာ သေဆုံးခြင်း ဖြစ်ပြီး ကျန်တစ်ဦးမှာ မည်သည့်အတွက် သေဆုံးခြင်းကို အဖြေရှာ မရခဲ့ပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly