ဂျူဗင်တပ်စ်အသင်းရဲ့ ဂန္ထဝင်ကျောနံပါတ် ၁၀ ကို ဒိုင်ဘာလာ ၀တ်ဆင်မည်

ဂျူဗင်တပ်စ်အသင်းရဲ့ ဂန္ထဝင်ကျောနံပါတ် ၁၀ ကို ဒိုင်ဘာလာ ၀တ်ဆင်မည်

သြဂုတ် ၁၀၊ အီတလီ ။                     ။ အာဂျင်တီးနားကွင်းလယ်တိုက်စစ်ကစားသမား ဒိုင်ဘာလာဟာ လာမယ့် ရာသီသစ်မှာ ဂျူဗင်တပ်စ်အသင်းရဲ့ ဂန္ထဝင်ကျောနံပါတ် ၁၀ ကို ၀တ်ဆင်ကစားမှာ ဖြစ်ပါတယ်။

ဒိုင်ဘာလာဟာ အရင်က ဇီဒန်းနဲ့ပီယာလိုတို့ ၀တ်ဆင်ခဲ့ကြတဲ့ ကျောနံပါတ် ၂၁ ကို ၀တ်ဆင်ကစားခဲ့သူဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းမှာ နံပါတ် ၁၀ ကို ပလာတီနို၊ ရော်ဘတ်တိုဘတ်ဂီယိုနဲ့ဒယ်ပီယာရိုတို့လို ကစားသမားတွေ ၀တ်ဆင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီနံပါတ်ကို မန်ယူကိုပြောင်းသွားတဲ့ ပေါ့ဂ်ဘာက နောက်ဆုံးဝတ်ဆင်ခဲ့ပြီး ၎င်းနောက်ပိုင်း ၀တ်ဆင်သူမဲ့နေခဲ့တာ ဖြစ်ပါတယ်။

ဒိုင်ဘာလာဟာ သူ့ရဲ့ ကစားသမားဘဝမှာ နံပါတ် ၁၀ ကို ပထမဆုံးဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။  အာဂျင်တီးနားရဲ့ ဂန္ထဝင် ကစားသမားတွေဖြစ်တဲ့ မာရာဒိုနာ၊ မက်ဆီနဲ့ အော်တေဂါတို့လို နံပါတ် ၁၀ ပိုင်ရှင် ဖြစ်လာရတာလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့ နံပါတ် ၁၀ ပိုင်ရှင်ဟောင်း ဒယ်ပီယာရိုက အခုလို နံပါတ် ၁၀ ကို ၀တ်ဆင်ခွင့်ရသွားခဲ့တဲ့ ဒိုင်ဘာလာအတွက် ဂုဏ်ယူကြောင်း ပြောဆိုခဲ့ပါတယ်။

ဒိုင်ဘာလာကို ဘာစီလိုနာအသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်းက ငြင်းပယ်ခဲ့ပြီး အခုလို နံပါတ် ၁၀ ဂျာစီကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျူဗင်တပ်စ်အသင်းဟာ ဒိုင်ဘာလာကိုတည်ပြီး အသင်းသစ်တစ်သင်း ပြန်တည်ဆောက်ဖို့ ကြိုးစားနေတယ်လို့ မီဒီယာတွေက ရေးသားခဲ့ကြပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly