အပြန်အလှန် သည်းခံကြဖို့ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကို ဂျာမနီ ကြားဝင်တိုက်တွန်း

အပြန်အလှန် သည်းခံကြဖို့ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကို ဂျာမနီ ကြားဝင်တိုက်တွန်း

သြဂုတ် ၉ ။                   ။ လက်ရှိအချိန်မှာ အပြန်အလှန် ခြိမ်းခြောက်ပြောဆိုမှုတွေ လုပ်ဆောင်ရင်းကနေ တစ်စထက်တစ်စ ပိုမိုတင်းမာလာနေကြပြီ ဖြစ်တဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကို သည်းခံစိတ်ထားပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ ဂျာမနီက တိုက်တွန်းပြောကြားလိုက်တယ်လို့ သိရပါတယ်။

ယခုအခါ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပြံုယမ်းအာဏာပိုင်တို့အကြား စကားလုံး စစ်ပွဲနဲ့အတူ အပြန်အလှန် ခြိမ်းခြောက်တိုက်ခိုက်ပြောဆိုမှုတွေ ထွက်ပေါ်ထားခဲ့ပါတယ်။

" ကိုရီးယားကျွန်းဆွယ်အရေးနဲ့ပတ်သက်လို့ စကားလုံးတိုက်ပွဲက အရှိန်ပိုမြင့်လာနေတာကို ကျွန်တော်တို့ ခုချိန်မှာ စိုးရိမ်တကြီး စောင့်ကြည့်နေရပါတယ်၊ ဒါကြောင့် သက်ဆိုင်တဲ့ နိုင်ငံတွေကိုလည်း အပြန်အလှန် သည်းခံပေးကြဖို့ ကျွန်တော်တို့ တိုက်တွန်းချင်ပါတယ်" လို့ ဂျာမန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာတင် ရှက်ဖာက သတင်းထောက်တွေကို ပြောသွားပါတယ်။

ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယားကင်းစင်ရေးအတွက် ကြံုတွေ့နေရတဲ့ လက်ရှိပြဿနာကို စစ်ရေးနည်းအရ ဖြေရှင်းမယ်ဆိုပါက ပြေလည်နိုင်လိမ့်မဟုတ်ဟု ဂျာမနီဘက်က ယုံကြည်ထားသည်ဟုလည်း ၎င်းက ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ ရက်ပိုင်းက ကုလ လုံခြံုရေးကောင်စီက အတည်ပြုခဲ့တဲ့ မြောက်ကိုရီးယားအပေါ် ဆန်ရှင်ချမှတ်မယ့်ကိစ္စကိုလည်း   နှံ့နှံ့စပ်စပ် လေ့လာပြီးမှ   ဖော်ဆောင်သွားဖို့   နိုင်ငံတကာ အသိုင်းအဝိုင်းကို ၎င်းက တိုက်တွန်းသွားပါသေးတယ်။

" သံတမန်နည်းအရပဲ ကျွန်တော်တို့ ဆက်ပြီး ကြိုးပမ်းသွားကြရပါမယ်၊ ဒါကပဲ မြောက်ကိုရီးယားတို့ရဲ့ တရားမဝင်တဲ့ နျူကလီးယားအစီအစဉ်တွေကို ရပ်တန့်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။

အမေရိကန်သမ္မတ ထရမ့်က ယမန်နေ့အစောပိုင်းတုန်းက မြောက်ကိုရီးယားအပေါ် ပြင်းထန်တဲ့ အသုံးအနှုန်းနဲ့ တိုက်ခိုက်ခြိမ်းခြောက်ထားခဲ့တာဖြစ်ပြီး မိမိတို့ကို ဆက်ပြီးခြိမ်းခြောက်နေမယ်ဆိုရင် ယင်းနိုင်ငံအပေါ် ကမ္ဘာမှာ ဘယ်တုန်းကမှ မကြံုဖူးသေးတဲ့ တုန့်ပြန်အရေးယူပုံမျိုးနဲ့ မီးကုန်ယမ်းကုန် လုပ်ဆောင်ရလိမ့်မယ်ဆိုပြီး ထရမ့်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ထရမ့်ရဲ့ ယင်းပြောစကား အသုံးအနှုန်းမှာ အလွန်စိုးရိမ်ရတဲ့ ဆိုးကျိုးအန္တရာယ်တွေ ပါ၀င်နေလျက်ရှိတယ်လို့လည်း အကဲဖြတ်တွေက သတိပေးခဲ့ကြပါတယ်။

ထရမ့်ရဲ့ ယင်းပြောစကား ထွက်ပေါ်ပြီးနောက် နာရီပိုင်းအကြာမှာပဲ မြောက်ကိုရီးယားနိုင်ငံပိုင် အေဂျင်စီကလည်း ပြန်လည်တုန့်ပြန်မှုတွေ လုပ်ခဲ့ပြီး အမေရိကန်ပိုင် ဂူအမ်ကျွန်းကို ဒုံးကျည်နဲ့ တိုက်ခိုက်ဖို့ စဉ်းစားနေကြောင်း၊ ကင်မ်ဂျံုအန်း အမိန့်ပေးတာနဲ့ စလုပ်တော့မှာဖြစ်ကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။

ယင်းသို့ အခြေအနေတွေ ပိုမိုတင်းမာလာနေတဲ့အချိန်မှာပဲ ဂျာမနီက ကြားဝင်စေ့စပ်ပေးလာခဲ့တာဖြစ်ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags