ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်လိုလျှင် ကစားသမားသစ်များခေါ်ယူရန် လိုအပ်ကြောင်း ချယ်လ်ဆီးနည်းပြ ကွန်တီဆို

ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်လိုလျှင် ကစားသမားသစ်များခေါ်ယူရန် လိုအပ်ကြောင်း ချယ်လ်ဆီးနည်းပြ ကွန်တီဆို

သြဂုတ် ၉၊ အင်္ဂလန် ။           ။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်ရန် ကစားသမားသစ်များခေါ်ယူရန်လိုအပ်ကြောင်း ချယ်လ်ဆီးအသင်းအာဏာပိုင်များကို နည်းပြကွန်တီက သတိပေးပြောဆိုလိုက်သည်။

ချယ်လ်ဆီးအသင်းသည် လက်ရှိတွင် ရီးယဲလ်တိုက်စစ်မှူးမိုရာတာ၊ မိုနာကိုကွင်းလယ်လူဘာကာယိုကိုနှင့် ရိုးမားနောက်ခံလူ ရူဒီဂါတို့ကို ခေါ်ယူထားသည်။ သို့သော် အသင်းမှထွက်ခွာသွားသည့် ကစားသမားအများအပြားလည်း ရှိနေပြီး တိုက်စစ်မှူးကော်စတာကိုလည်း အသင်းမှထုတ်ပယ်ထားပြီး ဖြစ်သည်။

“ပရီးမီးယားလိဂ်က လွယ်ကူတဲ့လိဂ်ပြိုင်ပွဲ မဟုတ်ပါဘူး။ အသင်းခြောက်သင်းလောက်ကအရမ်းတောင့်တင်းပြီး ချန်ပီယံဆုအတွက် ပြင်ဆင်နေကြပါတယ်။ အပြောင်းအရွှေ့ကာလက မပြီးဆုံးသေးပါဘူး။ အသင်းကို ဒီထက်ပိုပြီး အင်အားဖြည့်တင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ယှဉ်ပြိုင်လိုပါတယ်။ ချန်ပီယံဆုအတွက်နောက်တစ်ကြိမ် တိုက်ပွဲဝင်လိုပါတယ်။ အသင်းက ကျွန်တော်ဘာဖြစ်ချင်တယ်ဆိုတာ သိပြီးသားပါ။

ချန်ပီယံဆုကာကွယ်ဖို့ဆိုတာ လုံးဝမလွယ်ပါဘူး။ ကြီးမားတဲ့စိန်ခေါ်မှုပါ။ ဒါပေမဲ့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ကြိုးစားသွားမှာဖြစ်ပါတယ်” ဟု ကွန်တီက ဆိုသည်။

ချယ်လ်ဆီးအသင်းသည် လက်ရှိတွင် အာဆင်နယ်ကွင်းလယ်လူ ချိန်ဘာလိန်နှင့် လက်စတာကွင်းလယ်လူ ဒရင့်ဝါတာတို့ကို ခေါ်ယူရန် ကြိုးပမ်းနေသည်။

မာတစ်အား မန်ယူသို့ရောင်းချခဲ့ရခြင်းသည် ချယ်လ်ဆီးအသင်းအတွက် ကြီးမားသည့်ဆုံးရှုံးမှုဖြစ်ကြောင်းလည်း ကွန်တီက ပြောဆိုခဲ့သည်။

ရည်ညွှန်း စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly